First, all listen to what you say

1.6K 121 6
                                    


Unicode
.

" ကိုကို "

လေ့ကျင့်ခန်းထဲက အထွက် အခန်းထိပ်ပေါက်ဝကနေ စီးကြိုလို့ကြားလိုက်ရတဲ့ခေါ်သံကြောင့် ကျန်းဟာအိုက တုန့်ခနဲရပ်သွားတယ်။ မရပ်လို့လည်းမရလေ .. ရှေ့ကလာပိတ်နေသည်ကို။ ပန်းစည်းခပ်သေးသေးကိုင်ထားရင်း ထိုကောင်လေးဟာ မည်သူ့ကိုခေါ်မှန်းမသိတာကြောင့် ဟာအိုက သူ၏ဘေးနားပတ်လည်တောင်လည်ပင်းလေးလိမ်ကာ ရှာဖွေလိုက်ပါ၏။

" ကိုကို့အတွက် "

" ငါ? "

သေချာပါတယ်။ အဲ့ပန်းစည်းက သူ့ရှေ့တည့်တည့်ကိုကမ်းပေးလာတာ။ ကျန်းဟာအို ခေတ္တမျှကြောင်အသွားရင်းမှ ထိုမျက်နှာရွှင်ရွှင်နဲ့ကောင်လေးအား တစ်ချက်မျှပြန်မော့ကြည့်ကာ အနောက်ကိုပင်အနည်းငယ်ဆုတ်လို့ လက်ကာလိုက်တယ်။

" လူမှားနေပြီ "

" ဂီတမေဂျာ တယောအထူးပြု တတိယနှစ်က ကျန်းဟာအို။ milk tea သိပ်ကြိုက်တယ်။ ကျွန်တော်က လူမှားနေတာဖြစ်နိုင်ပါ့မလား "

သူ နောက်ကိုခြေတစ်လှမ်းထပ်ဆုတ်လိုက်မိပါ၏။ ဒီကောင်လေးကဘာလဲ? stalker လား? ပုံစံကြည့်ရသလောက်ကတော့ လူဆိုးလူညစ်ပုံလည်းမပေါ်ပါချေ။ ဟာအိုက မျက်စိရှေ့ရှိနေတဲ့ အထူးအဆန်းလေးအား မျက်မှောင်ကြုတ်လို့ အကဲခတ်နေတယ်။

ထိုအချိန်အတွင်းမှာ ခပ်ဖွဖွရယ်သံထိုးထွက်လာတာက ရှေ့ကလူဆီက။ သဘောတကျရယ်လာသလိုမျိုး မျက်လုံးတွေပိတ် .. ပါးတွေမြင့်တက်ရင်း။ ပြုံးနေတာက ကြည့်ကောင်းသလားမှတ်တယ် ရယ်လိုက်တော့လည်း အဲ့ကောင်လေးက တော်တော်လေးကိုချောတယ်။

အသံတိတ်ငေးနေတုန်းမှာပဲ လက်ထဲရောက်လာတဲ့ပန်းစည်း။ ဟာအိုက ပြန်တွန်းထုတ်ဖို့ကြိုးစားလိုက်ပေမယ့် ပန်းစည်းဟာ သူ့လက်ထဲသေချာစွာနဲ့ရောက်လာခဲ့လို့ ဖမ်းလိုက်ရတယ်။

" ဒီတစ်ခေါက်ပြိုင်ပွဲမှာ အနိုင်ရလို့ဂုဏ်ပြုတာ။ ကိုကိုက အရမ်းတော်တာပဲ "

အာ..။
ရုတ်တရက်ထချီးကျူးခံလိုက်ရတော့ ကျန်းဟာအိုရဲ့မျက်နှာနုနုက သွေးရောင်လွှမ်းသွားတယ်။ နားရွက်ဖျားလေးတွေလည်းခပ်ရဲရဲ။ မနက်က မြို့နယ်ပြိုင်ပွဲမှာ သူက ပထမနဲ့အနိုင်ရခဲ့သည်မဟုတ်လား။ ဒီလိုလာဂုဏ်ပြုပေးတာတော့ ဒီကောင်လေးပထမဆုံးဖြစ်မည်။ ဂျူနီယာလေးတွေက ယဥ်ကျေးဖော်ရွေတတ်သားပဲ။

我愛你 Where stories live. Discover now