" မင်းက ဘာကိစ္စချန်ချန်ဖြစ်ရမှာလဲ.. ။ ချန်ချန်ကငါ့ကလေးလေး "
*ကျွန်တော်လည်း ကိုကို့ကလေးလေးပဲလေ*
" ဟ!! ဘာကလေးတုန်း..မင်းကလူ ငါ့ကလေးလေးကယုန်လေ "
*ကျွန်တော်လည်း ယုန်ပါ*
မျက်လုံးအဝိုင်းသားဖြင့်ဆိုလာသည့်ကောင်လေးကြောင့် ဂယူဘင်းသည် ဘာမှဆက်မပြောနိုင်တော့ဘဲ စိတ်ရှုပ်စွာဖြင့်ဆံပင်များကိုသာပို၍ ဆွဲဖွနေလိုက်မိပါတော့သည် ။
သူ့သူငယ်ချင်းရစ်ခီဖတ်တတ်သည့်စာအုပ်ထဲမှာတော့ ထိုကဲ့သို့အကောင်ကနေ လူပြောင်းလာသည့်စိတ်ကူးယဥ်ဆန်ဆန်ဖြစ်ရပ်များရှိတတ်သည်ကို ရစ်ခီရှန်တဖွဖွပြောတတ်လွန်း၍ ကြားဖူးနားဝရှိပေမယ့်လည်း ဒါမျိုးတွေကိုတော့ ဂယူဘင်းကအပြင်မှာရှိလိမ့်မည်ဟုလုံးဝထင်ခဲ့မိဘဲ စာရေးသူများက စတန့်ထွင်၍ရေးသားထားသည်ဟုသာ သတ်မှတ်ခဲ့ပြီး အခုလိုကိုယ်တိုင်ကြုံတွေ့လာရသည့်အချိန်မှသာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိစွာဘဲ ကြောင်တောင်တောင့်ဖြင့် ကြည့်နေမိပါတော့သည် ။
ငါအိပ်မက်မက်နေတာများလား.. ဟုတ်တယ် အိပ်မက်ပဲနေမှာ...။
*အိပ်မက်မဟုတ်ဘူး.. တကယ်ပါကိုကို ကိုကို့ရှေ့မှာရှိနေတာချန်ချန်ပါ*
" မင်း!!! ငါ့အတွေးတွေကိုပါလိုက်ဖတ်နေတာလား...။ "
*မဖတ်လည်း ကြားနေရပါတယ် ။ *
" ဘာ!!! မင်း မင်းကဘာကြီးလဲဟ "
* ကလေးလေး... *
" ကျစ်.. မင်းရူးချင်ယောင်ဆောင်မနေနဲ့ ။ မင်းဘယ်ကလာတာလဲပြော ! မပြောရင် အခုချက်ချင်း ရပ်ကွက်ရုံးပို့ပစ်မယ် .. ။ ဘယ်ရပ်ကွက်ကလဲ မင်းမိဘတွေကဘယ်သူလဲ ။ "
* ဟိုးအပေါ်က *
ပြောပြီးသည်နှင့် မျက်လုံးလေးကလယ်ကလယ်နှင့်မျက်နှာကြက်ကို မော့ကြည့်ပြလာတာကြောင့် ဂယူဘင်းမှာ ခုနကအိပ်ချင်နေသည့်စိတ်များပင် ဆယ်ရက်လောက်ပျောက်လုမတတ်ဖြစ်သွားရပါတော့သည် ။
ငါတော့ရှင်ချင်တော့တာပဲ.. ။
" ဘယ်အပေါ်ကလဲ..အဲ့ဒီမီးဆိုင်းပေါ်ကပြုတ်ကျလာတာလား.. ။ "