မာတာ (Unicode)

214 25 5
                                    

-မာတာ-

နွေနှောင်းကာလ ညဥ့်နက်သန်းခေါင်ယံအချိန်ဖြစ်၏။ ကောင်းကင်ယံတွင် လမင်းကြီးသည် ဝင်းပထိန်စွာဖြင့် သာလျက်ရှိသည်။ အိမ်ခြေစိပ်သော ရပ်ကွက်ငယ်တစ်ခုမှာ တိတ်ဆိတ်ငြိမ်သက်၍ အိပ်မောကျလို့နေသည်။ ထိုအချိန်၌ ဦးအောင်ထွန်း အိပ်မက်မက်သည်။ အိပ်မက်မှာ ဦးအောင်ထွန်းဘဝမှတ်ဉာဏ်တွင် မှေးမှိန်မှုမရှိသော နေ့တစ်နေ့သို့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။ အိပ်မက်ဖြစ်သော်လည်း လက်တွေ့ကဲ့သို့ပင် နွေးထွေးပျော်ရွှင်စရာကောင်းနေ၏။

အိပ်မက်ထဲတွင် ဦးအောင်ထွန်းသည် သူ၏ယူနီဖောင်းဝတ်စုံဖြစ်သော အင်္ကျီအဖြူနှင့်လုံချည်အစိမ်းကို ဝတ်ဆင်ထားသည်။ ဦးအောင်ထွန်းရဲ့လက်ပွေ့ထဲမှာတော့ နီထွေးနူးညံ့ပါသော မွေးကင်းစကလေးငယ်သည် အိပ်ပျော်နေ၏။ ထိုကလေးငယ်မှာ ဦးအောင်ထွန်းတို့ဘဝအတွက် ပထမဆုံးနှင့်နောက်ဆုံး ရောက်ရှိလာသော အသည်းအသက်နှင့်တူသည့် သမီးလေး မြရတနာဖြစ်သည်။ဦးအောင်ထွန်း(ထိုစဥ်က ကိုအောင်ထွန်း)အဖို့ ရတနာကဲ့သို့ အဖိုးတန်သောကြောင့် ရတနာဟူ၍ နာမည်ပေးခဲ့သည်။ မြဆိုသည့်အမည်မှာတော့ ချစ်ဇနီးမြစံပယ်ဆီမှ ဆင်းသက်သွားခြင်းဖြစ်သည်။ ''သမီးလေးက မြရဲ့ရတနာပါ ကိုအောင်ရယ် ''ဆိုပြီး ညင်သာတိုးသဲ့စွာပြောနေသည့် မီးဖွားထားရသော နွမ်းလျလျ မိခင်လက်သစ်မှာလည်း ဦးအောင်ထွန်းအိပ်မက်ထဲတွင် မပါမဖြစ် ပါဝင်၏။ ဒေါ်မြစံပယ်ကြောင့်ပင် သမီး၏အမည်မှာ မြရတနာဟူ၍ ဖြစ်သွားခဲ့သည်။ အိပ်မက်ထဲ၌ ဒေါ်မြစံပယ်(ထိုစဥ်က မမြစံပယ်)သည် နက်မှောင်စင်းကျော့သော သူ့ရဲ့ဆံပင်များကို ဖြစ်သလိုစုစည်းချည်ပြီး မျက်ရည်ဝဲလျက်ဖြင့် သမီးကို ပြုံး၍ကြည့်သည်။ ဦးအောင်ထွန်းအတွက်တော့ ဒေါ်မြစံပယ်နှင့်အတူဖြတ်သန်းခဲ့ရသော အိမ်ထောင်သက်တစ်လျှောက်တွင် ထိုအပြုံးမှာ အလှဆုံးဖြစ်၏။

ဦးအောင်ထွန်းသည် အိပ်မက်မှနိုးလေပြီ။ ညဥ့်နက်နက်တွင် လန့်နိုးခြင်းလည်းမဟုတ် အနှိုးခံရခြင်းလည်းမဟုတ်ဘဲ နိုးလာခဲ့သည်။ အပိုင်းအဖြတ်မှန်သောအိပ်မက်ကြောင့် ဦးအောင်ထွန်း ပြုံးမိသည်။ အခုတော့ ဦးအောင်ထွန်းသည် အဖေအဖြစ်မှ အဘိုးအဖြစ်သို့ရောက်နေခဲ့ပြီ။ တစ်နည်းအားဖြင့် တတိယအရွယ်သို့ ရောက်ခြင်းဖြစ်သည်။ နောက်နှစ်ဆိုလျှင် ပညာရေးဝန်ထမ်းဖြစ်သော ဦးအောင်ထွန်း ပင်စင်ယူရလိမ့်မည်။ ဒေါ်မြစံပယ်ကတော့ ပြီးခဲ့သည့်နှစ်တွင် ပင်စင်ယူခဲ့ပြီးပြီ။ အစိုးရမှ အလုပ်နားပေးခဲ့ပြီဖြစ်သော်လည်း လူရယ်လို့ဖြစ်လာလေတော့ သေမှသာ အနားယူရပေမည်။

မာတာ Tahanan ng mga kuwento. Tumuklas ngayon