တိတ်ဆိတ်ငြိမ်သက်နေသည့် လမ်းမကြီး၏ဘေး၌...တစ်ယောက်မျက်နှာတစ်ယောက်မူကာ အချိန်ကြာအောင်ရပ်ကြည့်နေကြသော လူသားနှစ်ဦးသည် အနောက်အရပ်သို့ဝင်လုဆဲဆဲ နေလုံးကြီးနှင့် ပတ်ဝန်းကျင်အားလွှမ်းစပြုလာသည့် အမှောင်ထုအား လုံးလုံးလျားလျားမျက်ကွယ်ပြုထားသည့်ဟန်။
တိတ်ဆိတ်ငြိမ်သက်နေသည့် ပတ်ဝန်းကျင်နှင့်အညီ လေတိုးသံပင်မကြားရပေမဲ့...အချင်းချင်းမျက်နှာမူထားရင်း အသက်ရှူသံတစ်ဖြည်းဖြည်းမြန်လာသည့် ထိုလူသားနှစ်ဦးကတော့ အချိန်ကြာလေမငြိမ်သက်လာလေဖြစ်သည်။
လက်သီးနှစ်ဖက်အား ကျစ်ကျစ်ပါအောင်ဆုပ်ကာ...အသက်အားဝအောင်ရှူရှိုက်ပြီး ဆက်ထိန်းလို့မရသည့်အဆုံး ထွက်လာသည့်ဒေါသများအား အပြင်ဘက်ထံစတင်ထုတ်ပြလာသူသည် Park Jimin...။
"ဒီတစ်ခါတော့ မင်းနဲ့ပြတ်ကိုပြတ်မယ် Jeon Jung Kook!! "
တင်းတင်းကျပ်ကျပ်ဆုပ်ထားသည့် လက်သီးဆုပ်များမှ အကြောစိမ်းများတင်းထန်သွားခဲ့သလို...အံကြိတ်ထားသည့် မေးရိုးများထောင်တက်လာသည်နှင့် တစ်ပြိုင်နက်...ထိန်းထားသည့်ဒေါသများလည်း ဆယ်မြောင်းရေလို တလဟောထိုး...အရှေ့တွင်ရပ်နေသော ပြတ်မယ်ဆိုသည့်လူ အပေါ်သို့စုပုံကျသွားခဲ့သည်။
"ပြတ်လေ...ပြတ်လိုက်!! ။မလွမ်းတတ်ဘူး...Park Jimin...အခုချက်ချင်း ပြတ်လို့ရတယ် ပြတ်လိုက်! "
မာထန်နေတဲ့ မျက်နှာမှာဘာဆုံးရှုံးမှုမှမရှိသလို...ရဲစက်နေတဲ့မျက်လုံးဝိုင်းတွေမှာလည်း ဘာနောင်တမှမရှိဘူး။Park Jiminက ချာခနဲလှည့်ထွက်သွားရင်တောင် အကြောစိမ်းတွေနဲ့အင်အားကြီးတဲ့ လက်တစ်ဖက်က ဖြစ်မြောက်အောင်ဆွဲတားထားမှာ မဟုတ်ဘူး။
အဲ့ယောကျ်ားက အဲ့သလိုဆို...နှုတ်ခမ်းထူထူတွေကို ချက်ချင်း ရွဲ့စောင်းချိတ်ပစ်တဲ့ Park Jiminကရော...နှမျောတသဖြစ်ပြီး ကျောခိုင်းလှည့်ထွက်သွားမဲ့ ခန္ဓာကိုယ်ကြီးကိုအရေးတယူလုပ်ပြီး လက်သေးသေးလေးတွေနဲ့ပြေးဖက်မယ်လို့ ထင်လို့လား။
လေးကိုင်းသဏ္ဍာန်မျက်ခုံးတန်းတစ်ဖက်အား ပင့်မြှောက်ပြပြီး...Jeonအနောက်ဘက်မှ Jeon လာခဲ့ရာလမ်းအား လက်ချောင်းဖောင်းဖောင်းလေးများနှင့် မဆိုင်းမတွ ပြန်လည်ညွှန်ပြပေးလိုက်သည်။