ဇူလိုင်လ 25ရက်၊ 2000ခုနှစ်။
ကျန်းတော်ဝင်ဆေးရုံ။
" ယောက်ျားလေးအမြွှာမွေးပါတယ်...နှစ်ယောက်လုံး ကိုယ်လက်အင်္ဂါစုံပါတယ်...မယ်မယ်ကြီး..."
သူနာပြုတစ်ယောက်စီ ချီထားတဲ့ အမြွှာနှစ်ယောက်ကို ကြည့်ပြီးနောက်
" အငယ်က ဘယ်တစ်ယောက်လဲ... "
" ဒီဘက်က မျက်လုံးအောက်မှာ မှဲ့လေးပါတဲ့ တစ်ယောက်ပါ... "
သူနာပြုမလေး ရှေ့တိုးပြလာတဲ့ ကလေးကို တစ်ချက်ပင် လှည့်မကြည့်ဘဲ
" ချွဲအိမ်တော်ထိန်း... အဲဒီကလေးကို ဂျန်မင်ဆော့တို့ လင်မယားဆီ သွားပေးလိုက်... နောက်နောင် ဒီကလေးနဲ့ ပတ်သက်ပြီး တော်ဝင်စံအိမ်ကို လာမနွှယ်ဖို့ပါ တစ်ခါတည်း မှာထားချေ... "
မယ်တော်ကြီးရဲ့ စကားအဆုံး၌ ချွဲအိမ်တော်ထိန်းလည်း အငယ်လေးကို ပွေ့ချီလျက် ထွက်ခွာသွားလေသည်။ မယ်တော်ကြီးက သူနာပြုလေးနှစ်ယောက်အား ကြည့်ကာ
" ဒီလျှို့ဝှက်ချက်ကို မင်းတို့သေတဲ့အထိ ထိန်းသိမ်းသွားကြ... မဟုတ်လို့ကတော့ မင်းတို့ရဲ့ အသက်နဲ့ ကိုယ် အိုးစားကွဲပြီသာ မှတ်လိုက်... "
" ဟုတ်ကဲ့ပါ... မယ်မယ်ကြီး... "
မယ်တော်ကြီးလည်း သူနာပြုလေးရဲ့ လက်ထဲက ကလေးကို ပွေ့ချီလိုက်ပြီး
" ဧကရီရော... အခြေအနေ ဘယ်လိုနေလဲ... "
" မေ့ဆေးအရှိန်နဲ့ အိပ်ပျော်နေပါတယ်...မယ်မယ်ကြီး.. "
" အင်း.. မှာထားတဲ့အတိုင်း စေ့စေ့စပ်စပ်လုပ်ကြ... အသေးအမွှားလေးတောင် မလွဲစေနဲ့... "
" ဟုတ်ကဲ့ပါ... မယ်မယ်ကြီး... "
လက်ထဲ ပွေ့ချီထားတဲ့ ကလေးငယ်အား ကြည့်ကာ မယ်တော်ကြီး ပြုံးလိုက်သည်။
တော်ဝင်မျိုးနွယ်ရဲ့ အရှိန်အဝါကို ထွန်းလင်းစေမယ့် ကောင်းချီးအဖြာဖြာနဲ့ ပြည့်စုံတဲ့ကလေး။ နတ်ဝင်သည် ဟောကြားခဲ့သလို ကောင်းချီးခံကလေးအား ခိုက်မည့် အငယ်လေးကိုတော့ သူ စွန့်ပစ်လိုက်ပြီ။ တော်ဝင်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမည့်ကလေးအား အဘယ်ကြောင့် ကျွေးမွေးပြုစုရမည်နည်း။