"ဒယ်ဒီ ပါပါး"
"ဗျာ"
ထမင်းစားနေရင်း သားရဲ့ခေါ်သံကြောင့် အဖေနှစ်ယောက်လုံး ပြိုင်တူထူးလိုက်မိသည်။Jungkook က Seokjin ကို ဘာမေးမလို့မသိဘူး ဟူသောသဘောဖြင့် မေးငေါ့ပြသည်။ညနေကကျောင်းကပြန်လာတည်းက သားငြိမ်နေတာကို Seokjin သတိထားမိသည်။ဘာဖြစ် နေလဲ ထုတ်မမေးချင်၍ သားအပြောကို စောင့်နေတာဖြစ်၏။ကျောင်းမှာ ဘာဖြစ်လာလဲ မသိပေမယ့် သားတစ်ခုခုဖြစ်နေတာတော့ သေချာသည်။
"တား မေးဂျရာရှိလို့"
"မေးလေ သားရဲ့ ဘာမေးမှာလဲ"
"ခုတော့ မေးသေးပါဖူး...ထမင်းချားပြီးမှ မေးမယ်"
ထမင်းစားရင် စကားအရမ်းမများရဘူးဆိုပြီး သင်ပေးထားတာကို သားက တကယ်လိုက်နာပါသည်။သားက ဆိုးပေမယ့် မိဘတွေပြောတဲ့စကားကိုတော့ တော်တော်များများနားထောင်သည်။ဉာဏ်လည်းကောင်းသည်မလို့ တခါပြောတာနဲ့ အမြဲမှတ်မိနေတတ်သည်။တချို့စကားတွေကျလည်း ခေါင်းမာမာနဲ့ နားမထောင်တတ်။အဲ့ဒီလိုအခါမျိုးတွေကျရင်တော့ Seokjin အသံကျယ်ရပါပြီ။
"ဟုတ်ပါပြီဗျာ..ရွှေမင်းသားလေး ကူးသဘောအတိုင်းပါပဲခင်ဗျာ"
Jungkook ပြောတဲ့ပုံစံကို သားက သဘောကျသွားသည်ထင်၏။သူ့ဒယ်ဒီကို ကြည့်ကာ ခေါင်းတွေဇွတ်ငြိမ့်ပြပြီး ထမင်းဆက်စား၏။သားဖသုံးယောက် စားသောက်ပြီးတော့ ဆိုဖာပေါ်တွင် သားကိုအလယ်မှာထားပြီး ပူးကပ်ထိုင်လိုက်ကြ၏။
"ကဲ ပြောပါဦး...ဒယ်ဒီ့သားလေးက ဘာမေးမလို့လဲ"
"တားတို့ကျောင်းမှာယေ...တားတူငယ်ဂျင်းတွေက အိမ်ကျန်ရင် တူတို့အမေကပါ လာထော်ကြတယ်...ပြီးတော့ တားကို တူတို့က မင်းအမေက မင်းတိုလာကြိုဖူးလားတဲ့"
မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူ့ဟာသူလက်ချောင်းလေးတွေကို ဖျစ်ညှစ်ရင်း စကားကို စီကာပတ်ကုံးပြောပြနေသော သားကြောင့် Seokjin ရင်ထဲတော့သိပ်မကောင်း။မောင့်ကိုကြည့်တော့ မောင်က တစ်ခုခုကို အလိုမကျဖြစ်သွားသည့်ပုံစံပင်။ကျစ်ခနဲစုတ်သပ်ကာ ဆံပင်တွေကိုထိုးဖွလိုက်ပြီး သားကို နားလည်အောင် ဘယ်လိုပြောပြရမလဲ စဉ်းစားနေပုံရ၏။