အပိုင်း (၂၈)
"တစ် နှစ် သုံး "
တိုင်ပင်ခေါ်ပြီးသည်နှင့် စိုးမောင်တို့ရော ပိုင်ရှင်မောင်ရောက ရေထဲကို အသီးသီးငုပ်သွားကြလေသည် ။ သိပ်မကြာလိုက် လက်တစ်ဖက်စီမှာပုစွန်ထုပ်ကိုကိုင်ဆွဲပြီး နှိုင်းကိုမြှောက်ပြသည်။ သူဖမ်းမိတယ်ပေါ့။
မနက်ကပြောထားကြသလိုပဲ ညနေဘက်မှာပုစွန်သွားငုပ်ကြမယ်ဆိုသည်ကို ဒီညနေတော့အကောင်အထည်ဖော်ကြသည်။ ပိုင်ရှင်မောင်တို့အင်းဘေးနားမှာ ချောင်းရိုးလေးတစ်ခုရှိသည်။ ထိုချောင်းရိုးက မြေတိုက်စားမှု၊ရေတိုက်စားမှုကြောင့် အောက်ခြေမြေသားမှာ လိုဏ်ခေါင်းလိုတွင်းလေးတွေဖြစ်နေတတ်သည်။ထိုတွင်းတွေထဲမှာ ပုစွန်တွေကနေတတ်ကြသည်မို့ သူတို့ကထိုတွင်းလိုဏ်ခေါင်းဘက်ကိုရေငုပ်ပြီးပုစွန်တွေဖမ်းကြရသည်။
ပုစွန်အထုပ် ၂၀ လောက်ရရင်ပဲအားလုံးကိုယ်စီ ကုန်းပေါ်ပြန်တက်ကြသည်။"ညနေတောင်စောင်းတော့မယ်
ပစ်တိုင်းထောင် မင်းတို့ပြန်တော့မလား"စိုးမောင်တို့အဖွဲ့ထဲက အသက်လည်းကြီးသည့် ကိုရန်မိုးက မေးလိုက်ခြင်းဖြစ်သည်။ ကိုရန်မိုးက စိုးမောင်တို့နှင့်သာပေါင်းသင်းနေတာ၊သူ့အသက်က ၂၅လောက်ရှိပြီ။ တစ်ကိုယ်တည်းသမားဖြစ်ပြီး ထိုမြစ်ကမ်းဘေးမှာ တဲလေးထိုးနေသည်။ရေကွင်းထောင်ထားသည်။ စက်လှေတစ်စင်းနှင့်ပိုက်တားသည်။ဒါသူ့အသက်မွေးဝမ်းမှု။
"မပြန်ရင် ငါတဲကိုအားလုံးလိုက်ခဲ့ကြပါလား"
"ရတာပေါ့ ဒီညစာတော့ကိုရန်မိုးတာဝန်ယူရမှာနော်"
"အေးပါပစ်တိုင်းထောင်ရာ မပြောလဲ ငါ့ဒူးမနာသားတွေက ငါ့တဲကချက်သမျှသူတို့ချည်းစားနေတာပဲ"
ကိုရန်မိုးစကားအဆုံး တဟားဟားအော်ရယ်လိုက်သံက ဟိုးမြစ်ပြင်အထိ ပြန့်လွင်သွားသည်ထင်ရသည်။ ပုစွန်ဆီရောင်မြစ်သည်လည်း ဧရာဝတီမြစ်ကိုကျော်ကာ တစ်ဖက်မြို့ပြရဲ့အောက်ဘက်သို့ယွန်းကျသွားလေပြီ။ တစ်နေကုန်လို့တစ်ရက်ကူးသွားပြန်သည်။သူတို့ဒီရွာရောက်တာ ယခုဆို ၄ရက်ပင်ရှိလေပြီ။