ကြည်ပြာပြာ ကောင်းကင်နဲ့ ရောင်နီတွေလင်းလာတဲ့ မနက်ခင်းက စိတ်ကျေနပ်စရာပါပဲ။ လေပြေတွေကတဝေ့ဝေ့တိုက်ရင်း သူမရဲ့ခန္ဓာကိုယ်ကိုဖြတ်ပြေးကာကျီစယ်နေလေသည်။
ကျောလယ်ထိရှည်လျားတဲ့ ဆံနွယ်တွေကဖြန့်ထားလျက်သားနဲ့ လေပြေတွေရဲ့တိုးဝေ့မှုကို ခံယူပြီး ပေါ့ပါးစွာလွင့်မျောနေကြတယ်။
ရိုးရှင်းတဲ့ဂါ၀န်ဖြူလေး၀တ်ထားတာတောင် ကြည်လင်၀င်းပတဲ့အသားအရည်နဲ့ ဖြောင့်စင််းပြီးနက်မှောင်နေတဲ့ဆံနွယ်တို့က သူမအလှကိုပေါ်လွင်အောင်ဖော်ဆောင်ပေးနေကြတယ်။
ကောင်းကင်က တိမ်ဖြူရှင်း၍အပြာရောင်ဖြစ်နေသလို မနက်ခင်းနေရောင်ခြည်က အလင်းရောင်ကောင်းစွာပေးနေသလို ထိုကောင်းကင်နဲ့နေရောင်အောက်က အမျိုးသမီးတစ်ဦးကလည်း လှချင်သလိုလှနေသည်။
~ ဒါဟာ သက်၀င်နေတဲ့အဖိုးတန်ပန်းချီကားတစ်ချပ်လို ~
မဟုတ်ဘူး . . အဲ့ထက်တောင်ပိုတယ်။
မထိရက်မတို့ရက်စရာ ပိုးသားလိုနူးညံ့တဲ့အသားအရည်လေးကို လေပြေတွေက အတင့်ရဲစွာ ပြေးထိနေတာ ဘယ်လောက်မြင်ပြင်းကပ်စရာကောင်းလိုက်သလဲ။
" မနက်စာအဆင်သင့်ဖြစ်ပါပြီ သခင်မလေး "
အတွေးတွေထဲလွင့်မျောနေတုန်း သူမရဲ့အနောက်ဘက်ကနေ အိမ်ထိန်းတော်အသံကိုကြားလိုက်ရတော့ အတွေးစတွေက အငွေ့လိုပျက်ကုန်သည်။
လာခေါ်တဲ့အိမ်ထိန်းတော်နောက် လိုက်သွားရင်း မနက်စာကို အထီးကျန်စွာစားသည်။ ဒါဟာတစ်နေ့တာကို သူမအစပျိုးနေကျ ပုံစံမျိုးပါပဲ ။ ဘယ်သူ့ကိုမှအားမကိုးဘဲ ဘယ်သူ့ကိုမှမတွယ်တာဘဲ တစ်ယောက်ထဲ အထီးကျန်စွာ ငြီးငွေ့စွာ ဘ၀ ကြီးကိုဖြတ်သန်းနေသည်။
တစ်ယောက်ထဲဖြစ်နေသည့်ဘ၀ထဲကို ဘယ်သူ့ကိုမှသူမ မခေါ်သွင်း။ ချမ်းသာပြီးချောမောခန့်ညားကြသည့်အထက် တန်းစားလွှာယောကျ်ားသားများစွာက သူမကို ပိုးပန်နေကြသော်လည်း သူမက အဖက်ပင်မလုပ်။
~ ယောကျာ်းတစ်ယောက်ရှိမှ မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ ပြည့်စုံနေမှာလို့ သူမ မခံယူထားပေ ~