အေးချမ်းလှသည့် ဆောင်းရာသီ၏ ညနေခင်း တစ်ခုတွင် ကလေးငယ် တယောက်ဟာ သူ၏ အိမ်ရာ ဖြစ်သည့် နန်းတော်ကြီးထဲမှ ခိုးထွက်ကာ မြို့ထဲသို့ ပတ်ကြည့်ရန် ခြေလှမ်းတွေကို စတင်လိုက်လေသည်။ မြို့တော်တစ်ခုလုံးမှာ သူနေထိုင်ရာ နန်းတော်နှင့် မတူပဲ ဝမ်းစာအတွက် အလုပ်လုပ်နေကြသည့် သူများ၊ ကိုယ်စီ ကိုယ်စီ ရယ်မောပျော်ရွှင်နေကြသည့် သူများဖြင့် စည်းကားသိုက်မြိုက်လျက် ရှိတာကြောင့် ထိုကောင်လေးမှာ သူမြင်သမျှကို စိတ်ဝင်တစား ဖြစ်နေရသည်မှာလဲ မဆန်းပါပေ။ အရာတိုင်းကို စိတ်ဝင်တစား လျှောက်ကြည့်နေရင်း တနေရာအရောက် ကလေးလေး တယောက်ဟာ လက်ထဲတွင် ယုန်ရုပ်လေးကို ပိုက်လျက် ပေါင်မုန့်တွေ ရောင်းသည့် ဆိုင်လေးတဆိုင်ကို မျက်လုံးများ အရောင်တောက်ကာဖြင့် ငေးကြည့်နေတာ မြင်တာမို့ သူ့စိတ်တွင် ဘာရယ်မဟုတ် ထိုကလေးအား ခင်ချင်သည့် ဆန္ဒတခုဖြစ်ပေါ်လာပြီး တချက်ပြုံးမိကာ အနားလျှောက်သွားလိုက်ပြီးတော့ ပေါင်မုန့်တွေထဲက ထိုကလေး ကြိုက်လောက်မည့် အချိုပါသည့် အရသာကို ရွေးဝယ်လ်ုက်တော့သည်။
ထို့နောက် မုန့်ထုပ်လေးအား ကိုင်ကာ ထိုကလေး၏ အနားသို့လျှောက်သွားပြီး လက်ထဲက စက္ကူအိတ်လေးကို ကမ်းပေးလိုက်ရင်း
"မင်းဒါစားချင်တာမလား"
ကိုယ့်အပြောကို မျက်လုံးဝိုင်းလေးတွေဖြင့် မော့ကြည့်လာကာ ကိုယ့်လက်ထဲမှ ပေါင်မုန့်အိတ်လေးအားလည်း ယူရနိုး၊ မယူရနိုး စဉ်းစားနေဟန် ရတာကြောင့် သူတချက်ပြုံးလိုက်မိရင်း
"မင်းဖို့ ဝယ်လာတာပါ ယူလို့ ရတယ်"
ကိုယ်ထပ်ပြောတော့မှ လက်ထဲက အိတ်လေးအား ယူသွားသည့် ကောင်လေးမှာ ချစ်ဖို့ကောင်းဖွယ်အတိ။ ပေါင်မုန်လေးကို ထုတ်ကြည့်သည့် အချိန်တွင်လဲ မျက်လုံးများ အရောင်တောက်နေခဲ့သလို၊ ပေါင်မုန့်လေးအား ထုတ်ယူကာ ပါးစပ်လေးဖြင့် ကိုက်စားလိုက်သည့် အချိန်တွင်လဲ တမျိုးလေး ချစ်ဖို့ ကောင်းနေပြန်သည်။ လူကြီးများ ပြောသလိုဆို ဒီကောင်လေး အရင်ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့ပုံရပါသည်။ မျက်နှာမြင်ချစ်ခင်ပါစေ ဆိုသည့် ဆုတောင်းနှင့် ပြည့်စုံနေသည်လေ။ ထိုကောင်လေး ရပ်နေသည့် ဘေးရှိ ထိုင်လို့ ရသည့် တနေရာတွင် ဝင်ထိုင်လိုက်ပြီးတော့ ထိုကောင်လေး စားနေတာကိုသာ ထိုင်ကြည့်နေမိသည်။