ကောင်ကင်ပြာတို့တွင် တိမ်များ ကင်းစင်ကာ နေသာသော နေ့ရက်တစ်ရက်တွင် ကောင်လေး တစ်ယောက်ဟာ ပန်းခင်းထဲမှ ပန်းများကို ခူးစွတ်ကာ ပုခုံးတွင် လွယ်ထားသော ခြင်းတောင်းလေးထဲ ထည့်လိုက်၊ တဖန် ပန်းများအား ခူးစွတ်လိုက်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ထိုအချိန်၌ နောက်မှ ကြားလိုက်ရသည့် အသံတစ်ခု။
"ယူဂျင်းလေး ဒီရောက်နေတာလား၊ ဒီနေ့တော့ မြို့ထဲမှာ သွားကူလိုက်လေ၊ ပွဲရှိတော့ ဆိုင်မှာ အလုပ်ရှုပ်နေမယ် ထင်တယ်၊ ဒီမှာ ဒေါ်လေးတို့နဲ့ အပ်ခဲ့"
အသံအား ကြားသည်နှင့် ယူဂျင်း အပြုံးတစ်ခုဖြင့် လှည့်ကြည့်လိုက်မိသည်။
"ဟုတ်၊ ဒေါ်လေး ကျွန်တော် ဒီနားလေးပဲ လက်စသတ်ပြီး သွားလိုက်ပါ့မယ်"
"အေးပါကွယ်၊ နေပူနေတာ ဂရုစိုက်ဦးနော် သား၊ အပူရှပ်မယ်"
"ဟုတ်ကဲ့ ဒေါ်လေး"
သူ့ကို စိတ်ပူပေးနေသည့် ဒေါ်လေးကို ယူဂျင်းလဲ ပြန်လှမ်းအော်ကာ ပြောလိုက်ပြီးမှ အနီးတဝိုက်မှ ပန်းများကိုသာ ခူးလိုက်ပြီးတော့ ခြင်းက်ု နေရာမှာ သွားထားရင်း "ကျွန်တော် မြို့ထဲ သွားပြီနော်၊ ဒေါ်လေး" ဟု လှမ်းအော်ကာ နှုတ်ဆက်ခဲ့ပြီးမှ ယူဂျင်းလဲ မြို့ထဲကို ထွက်ခဲ့လိုက်တော့သည်။
ဒီနေ့ နန်းတော်ထဲတွင် ပွဲရှိသည်ဟု ဆိုသဖြင့် မြို့ထဲ၌ စည်ကားနေသည်မှာ အမှန်ပါပင်။ ယူဂျင်း မြို့ထဲသို့ ရောက်ထဲက အလည်အပတ်လာရောက်ကြဟန် ရှိသော လူများဖြင့် စည်ကားလျက် ရှိနေသည်လေ။
"ကျွန်တော်ရောက်ပါပြီ မေမေ၊ ဒါနဲ့.. ဦးငယ်ရော မလာသေးဘူးလား"
ယူဂျင်းဆိုင်သို့ ရောက်သည်နှင့် အသံပေးကာ ဝင်လာပြီး မီးဖိုချောင်ဘက်သို့ အရောက် ဦးငယ်ကို မတွေ့သည်မို့ မေးလိုက်ခြင်း ဖြစ်သည်။
"မသိပါဘူး သားရယ်၊ သားလဲ သိတဲ့ အတိုင်း မြို့ထဲ လူစည်ရင် မင်းဦးငယ်က အိမ်ကပ်ဖူးလို့လား"
မေမေ့ အပြောကြောင့် ယူဂျင်း ရယ်သာ ရယ်ပြလိုက်မိသည်။ ယူဂျင်းလဲ ဦးငယ် ဘယ်ရောက်နေမလဲ သိပါသည်။ ဦးငယ်က သူ့အပေါ်တော့ အများကြီး ကောင်းပေးတဲ့ ဦးလေးတစ်ယောက် ဖြစ်ပေမယ့် လောင်းကစားမက်သောသူ ဖြစ်တာကြောင့် ဒီလို မြို့ထဲ၌ လူစည်သော အချိန်တိုင်း ဆိုင်မကပ်တော့။ စုထားသမျှ အကုန်လဲ ပြောင်လာမည်မှာ အသေအချာ။ ထို့ကြောင့် မေမေနှင့် ဦးငယ်တို့ မောင်နှမ ရန်ဖြစ်ရပေါင်းလဲ မနည်းတော့ပေ။
