Unicode
"ကဲ!အမောင်ဆောင်း ၄နာရီထိုးတော့မယ် ခုချက်ချင်းထ ဆရာလာတော့မှာ"
အသားရောင်မွေ့ယာပေါ်တွင်မှောက်ခုံကြီးအိပ်ပျော်နေပါသောလူငယ်လေးသည် အိမအောက်ထပ်ကအစ်မဖြစ်သူမိုးငွေသွန်း၏အသံကြောင့်အနည်းငယ်လူးလှိမ့်လာလေသည်။သို့သော်ထလို့တော့ရမနေခဲ့ပေ။မနေ့ညကသူဆွဲထားသောပန်းချီလေးကိုအပြီးသတ်ချင်၍ညလုံးပေါက်နေလိုက်မိခြင်းသည်ညနေတွင်အစွမ်းပြလာတတ်သည်ကအကျင့်။
သို့သော်ယနေ့သည်သူ၏အင်္ဂလိပ်ဆရာလာမည့်ရက်ဖြစ်သည်။မထဘဲတော့နေလို့မရ။ထိုသို့ပင်နှပ်ရင်းပြုရင်းနောက်တစ်ခါအိပ်ပျော်သွားပြန်ပါ၏။
"ကိုလာမယ့်အချိန်ကျမှခိုးအိပ်နေတယ်ပေါ့ ချာတိတ်"
နားထဲသို့လေတိုးသံလိုလိုစကားသံလိုလိုအသံကြောင့်ဆောင်းလေဦးမျက်လုံးများပွင့်လာလေသည်။မျက်လုံးဖွင့်လျှင်ဖွင့်ချင်းသူ့မျက်နှာနားရောက်နေပါသောရင်းနှီးနေတဲ့မျက်နှာကြောင့်ဆောင်းလေဦးနောက်ကခေါင်းအုံးထဲကျုံ့ဝင်သွားလေသည်။
"ဆ..ဆရာဝေယံ"
စတစ်ကော်လံလက်ရှည်ဖြူပေါ်တွင်စွယ်တာလက်ပြတ်အကွက်တစ်ထည်ကိုထပ်ဝတ်ထားကာဂျင်းဘောင်းဘီအနက်နှင့်လူကခေတ်ဟောင်းစတိုင်ဖြစ်နေပါသော်လည်းချောမောနေသောသူ့မျက်နှာသည်ဘာကိုမှဝေဖန်စရာမရှိပေ။
ဝေယံမင်းသူ။လွန်ခဲ့သောငါးလလောက်ကသူ့အင်္ဂလိပ်စာဆရာဖြစ်ခဲ့သူဖြစ်သည်။ချောမောသောမျက်နှာ၊မြင့်မားသောဉာဏ်ရည်၊သင့်တော်သောအသက်။ပြီးပြည့်စုံနေပါသောလူသည်အဘယ်ကြောင့်များဆောင်းလေဦး၏အင်္ဂလိပ်စာဆရာဖြစ်လာသလဲကတော့စိတ်ဝင်စားစရာပင်။
အကြောင်းကတော့ဒီလိုရှိပါရဲ့။လွန်ခဲ့သောခြောက်လကဆောင်းလေဦးဆယ်တန်းစာမေးပွဲမဖြေခင်အချိန်ဖြစ်သည်။အင်္ဂလိပ်စာအားနည်းသော်လည်းကျူရှင်၊ဂိုက်မရှိပါသောကြောင့်အစ်မကစိတ်ပူကာသူမအသိတစ်ယောက်ကိုတိုင်ပင်လိုက်လေသည်။
ထိုအသိကသူသိသောအင်္ဂလိပ်စာဆရာတစ်ယောက်ရှိသည်ဆိုကာအစ်မနှင့်မိတ်ဆက်ပေးလေသည်။ဘယ်လိုအဆင်ပြေသွားသလဲမသိ။နောက်တစ်နေ့တွင်နိုင်ငံခြားဘာသာတက္ကသိုလ် အမေရိကန်စကောလားရှစ်ရဝေယံမင်းသူသည်သူ၏ဆရာဖြစ်လာခဲ့တော့သည်။