Unicode
ဝေယံမင်းသူဝတ္ထုရှည်၏ပထမပိုင်းကိုပြီးအောင်ဖတ်ပြပြီးနောက်အိမ်ပြန်ဖို့ပြင်လေသည်။အိမ်မပြန်ခင်အိမ်ဧည့်ခန်းကဆိုဖာပေါ်တွင်ထိုင်နေသောမိုးငွေသွန်းဆီသို့စကားခဏသွားပြောနေလေသည်။ဝေယံနှင့်အစ်မစကားပြောနေတုန်းဆောင်းလေဦးအခန်းထဲတွင်ဝေယံမသိစေရန်သိုဝှက်ကာသိမ်းဆည်းထားသောပန်းချီကိုထုတ်လိုက်ကာသဘောတကျကြည့်ပြီးမှအိတ်တစ်အိတ်ထဲထည့်လိုက်လေသည်။ထို့နောက်အိတ်ကလေးကိုယူကာအိမ်အောက်ထပ်ကိုဆင်းလာလိုက်သည်။
"ဒါဆိုကျွန်တော်နောက်နေ့ကစပြီးမလာတော့ပါဘူး"
ဟင်?!
ဆောင်းလေဦး၏ခြေလှမ်းတို့သည်တုံ့ခနဲရပ်တန့်သွားကာလှေကားရင်းမှာတင်မလှုပ်မယှက်ရပ်နေမိသည်။
"ကျွန်မကတော့နားလည်ပေးလို့ရတာပေါ့ရှင် ဒါပေမယ့်ရှင့်တပည့်က..."
"ကျွန်တော်သေချာလေးပြောပြလိုက်ပါ့မယ် ကလေးကလိမ်မာပြီးသားပါ သူနားလည်မှာပါ"
ရှေ့ကအကြောင်းအရာကဘာလဲဆိုတာကိုလည်းသူမသိသလိုနောက်ကအကြောင်းအရာကိုလည်းဆက်နားမထောင်နိုင်တော့ဘဲအခန်းထဲပြန်ပြေးဝင်သွားမိသည်။ဆရာကနောက်နေ့တွေမလာတော့ဘူးလား။ဒါဆိုမတွေ့ရတော့ဘူးလား။ပြန်မတွေ့တော့မှာများလား။အတွေးပေါင်းများစွာသည်ဆောင်းလေဦး၏ခေါင်းသေးသေးလေးထဲပြေးလွှားနေကာအခန်းတွင်းတံခါးရှေ့တွင်တွေတွေကြီးရပ်နေမိသည်။အဲ့လိုဆို သူ့ရဲ့ခံစားချက်တွေကိုထုတ်ပြလိုက်သင့်လား။
"Autumn"
တံခါးခေါက်သံနှင့်အတူထွက်ပေါ်လာသောအသံသြသြကြောင့်ဆောင်းလေဦးမှိုင်တွေတွေဖြစ်နေရာကပြန်နိုးထလာလေသည်။သူဖွင့်ချလိုက်သင့်လား။ဆရာ့ကိုပြောသင့်လား။
"Autumn အခန်းထဲမှာရှိ..."
ဝေယံစကားမဆုံးလိုက်ပေ။အခန်းပိုင်ရှင်လေးသည်အခန်းတံခါးကိုအသာဖွင့်ပေးလာပါ၏။သို့သော်ဖွင့်ပေးပြီးတာနှင့်သူ့ကိုကျောပေးကာလှည့်မကြည့်ပါသောကလေးငယ်ကဘာတွေကိုများအလိုမကျဖြစ်နေသလဲတော့မသိ။