(Unicode)
True Love 💭❤ အပိုင်း - ၄၁ရွှေကူအစက ရွာသို့နေ့လည်လောက်ပြန်မည်ဟုစီစဉ်ထားသော်လည်း ထိုအချိန်မှဆို ရွာသို့ အချိန်မတော်ကြီးရောက်သွားမည်မို့ ရွှေကူတစ်ရက်စောင့်ကာ မနက်အစောမှပြန်ဖြစ်မည်ဖြစ်သည်။ တစ်မနက်လုံး အကိုလေးကိုရှောင်နေမိသလို ရွှေကူအင်္ကျီတွေထုတ်ပိုးရမည်ဆိုသည့်အကြောင်းပြချက်ဖြင့် အခန်းထဲမှမထွက် နေ့လည်ထိအခန်းတွင်းအောင်းနေမိတော့သည်။
"သမီး သမီး.."
"ဟုတ်မေမေကြီး"
မေမေကြီးကို တံခါးဖွင့်ပေးလိုက်တော့ ခရီးဆောင် Box အဖြူရောက်ကိုဆွဲကာ အခန်းအတွင်းသို့ဝင်လာလေ၏။
"သမီး ပစ္စည်းတွေဒါလေးနဲ့ထည့်သွားနော် ဒီအိတ်တွေနဲ့ကျတော့ သိပ်မလုံခြုံဘူးကွယ့် "
"ကျေးဇူးပါမေမေကြီးရယ် "
ရွှေကူကုတင်ပေါ်ထိုင်နေရင်းမှ မေမေကြီးဆီတိုး၍ ဖတ်လိုက်တော့၏။
"သမီးရယ် .."
ဒေါ်မာ့စိတ်ထဲ သမီးလေးရွာပြန်မည်မို့ ပူဆွေးနေရသော်လည်း သမီးလေးစိတ်မကောင်းဖြစ်မည်ဆိုး၍ ထုတ်မပြဖြစ်ပဲ အပြုံးမျက်နှာတို့ဖြင့်သာ ပြုံးပြနေမိ၏။ ဘယ်တတ်နိုင်ပါ့မလဲလေ ဇာတိရွာဆိုတော့လဲ ပြန်ချင်ရှာမှာပေါ့။
"အကိုလေးနဲ့ ချစ်ကြိုက်ခဲ့မိတဲ့သမီးကို အပြစ်မမြင်ပေးလို့ သမီးတဂယ်ကျေးဇူးတင်ပါတယ်မေမေကြီးရယ်"
"မေမေကြီးကပျော်ရမယ့်လူပါ သမီးလေးက မိန်းမကောင်းလေးလေ မေမေကြီးကဘာလို့အပြစ်တင်ရမှာလဲ သမီးကိုမေမေကြီးကအားနာမိတာပါ မေမေကြီးကအားနာမိတာပါကွယ်"
ရွှေကူ့လက်တို့ကိုဆုတ်ကိုင်၍ မေမေကြီးက ပြောလေသည့်အခါ ရွှေကူမျက်ရည်လေးတွေဝဲလာမိ၏။
"သမီးသိလား သားကအရင်တုန်းကသိပ်ဆိုးခဲ့တာကွယ့် ဒါပေမယ့်လေ သမီးလေးနဲ့တွေ့ပြီးတဲ့အချိန်ထဲက သားလေးကသူအကျင့်ဆိုးတွေကို တစ်ဖြေးဖြေးချင်းဖျောက်ဖျက်ပစ်ခဲ့တာ "
ရွှေကူ သိပါသည်။ အကိုလေးကရွှေကူ့အတွက် စတွေ့သည့်အချိန်ထဲက တစ်ချို့အရာတွေပြင်ပေးခဲ့သည်ဆိုတာ။