ပတ်ဝန်းကျင်တစ်ခုလုံးက ဝိုင်အရသာလိုပဲ။ မူးရစ်ရီဝေနေသည်။ ကျွန်မနိုးလာတော့ လမ်းစလျှောက်ခဲ့သည်။ ခေါင်းမကိုက်တော့ဘူး။ မနာကျင်တော့ဘူး။ ပစ္စုန်ပန်တွေ အနာဂတ်တွေ မရှိတော့ဘူး။
မှိန်ပျပျ မီးဆိုင်းကြီး၏ အောက်တွင် လူများ ကခုန်နေကြသည်။ ပြဇာတ်တစ်ခုလိုမျိုးပင်။ သို့သော် ကျွန်မတွင် ဘာစိတ်ခံစားချက်မှ မရှိနေပါ။ ကခုန်နေသော လူများတွင်လည်း စိတ်ခံစားချက် မရှိနေပါ။ အားလုံးဟာ မျက်နှာသေများဖြင့်သာ...။
"အိုလီဗီယာ..."
ဟုတ်တယ်။ ကျွန်မမှတ်မိတာ အဲ့ဒီအရာပဲ။ ဆံပင်အရှည်ကြီးတွေဟာ ဟာဝေယံကျွန်းသူလို ကောက်နေပြီး မျက်လုံးစိမ်းဖျော့ဖျော့လေးနဲ့ အိုလီဗီယာ...။ ကျွန်မမှတ်မိတာ ဒါအကုန်ပဲ။
လူများ ကခုန်နေသော မှိန်ပျပျမီးရောင်အောက်မှ ကျွန်မထွက်လာခဲ့သည်။ အမှောင်ထုကလည်း ကြီးစိုးနေကာ ခြောက်ခြားစရာလည်း ကောင်းလှသည်။ ဂိတ်တံခါးဝ ရောက်သောအခါ ကျွန်မ သတိထားမိသည်က ကျွန်မထွက်လာခဲ့သည်မှာ စံအိမ်အိုကြီးတစ်ခုဖြစ်နေသည်ကိုပင်။
ကျွန်မ ကျောခိုင်းထွက်လာမိခဲ့သော စံအိမ်အိုကြီးကို ကျွန်မ ပြန်ငေးကြည့်မိခဲ့သည်။
"အိုး... လှလိုက်တာရှင်... အိုဟောင်းနေတာပဲ... ယိုယွင်းပျက်စီးနေတာမျိုး မဟုတ်ဘဲ ရှေးကျကျ အိုဟောင်းနေလိုက်တာ..."
ကျောက်သားထူထူနဲ့ နံရံကြီးတွေ၊ ရောင်စံမှန်ချပ် အထူကြီးတွေ တပ်ဆင်ထားတဲ့ ပြတင်းပေါက်ကြီးတွေဟာ သိပ်ကိုလှသလို ခြောက်ခြားစရာလည်း ကောင်းနေပြန်သည်။
"အိုလီဗီယာ"
စံအိမ်အိုကြီးကို ငေးကြည့်နေမိရင်း ကျွန်မ အဲ့ဒီနာမည်ကို ထပ်ခါတလဲလဲ ခေါ်နေမိသည်။ ထိုအချိန်မှာ ကျွန်မချိုအီအီအနံ့ရလာခဲ့သည်။ အဓိပ္ပါယ် ဖော်ရခက်တဲ့ အနံ့မျိုး...။
"အိုလီဗီယာ"
ကျွန်မမှတ်မိသွားပြီ။ ဒါ အိုလီဗီယာရဲ့ အနံ့ပဲ။ ရင်ဘက်ထဲက စူးပြီးအောင့်လာခဲ့သည်။ ကျွန်မလည်း ထိုအနံ့နောက်ကို လိုက်ရင်း စံအိမ်ကြီး၏ အနောက်ဘက်ကို ရောက်လာခဲ့သည်။ အမှောင်ထုကြီးနှင့်အတူ ရင်းနှီးမှု မရှိသည့် ပတ်ဝန်းကျင်ကို ရောက်လာမိသောကြောင့် ကျွန်မ ကြောက်လာမိသည်။ သို့သော် ကျွန်မလုပ်ရမည့်အရာက အိုလီဗီယာကိုသာ ရှာရမည်ပင်။