အပိုင်း(၄၁၂)
ရှားကျင်းရီက ပညာတတ်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူမက ပေါ့ဂီတကို နှစ်သက်သောကြောင့် သီချင်းဆိုခြင်းက သူမ၏ ဝါသနာ ဖြစ်လာခဲ့သည်။ သူမက ဟိုက်ဟွေ့ဖျော်ဖြေရေးထဲ ဝင်ရောက်လာနိုင်ခြင်းက သူမ၏ အသံကြောင့် မဟုတ်ဘဲ သီချင်း ရေးသားနိုင်သော အရည်အချင်းကြောင့် ဖြစ်သည်။
သူမက တကယ်လည်း ထျန်းကျင်းရွှမ် နှင့် အလုပ်တွဲလုပ်ခဲ့ဖူးပြီး တစ်ဦးနှင့် တစ်ဦး အတော်အတန် ရင်းနှီးမှု ရှိသည်။ သို့သော်လည်း ဤအချက်ကြောင့် သူမက ကျိုလူကြီးမင်း အတွက် လွယ်ကူသော ပစ်မှတ် ဖြစ်လာခဲ့သည်။
ဖျော်ဖြေရေးလောက၏ လှပသော အောင်မြင်ခြင်းများ နောက်ကွယ်မှာ မှောင်မိုက်သော အလှတရားများ ရှိနေခဲ့သည်။
သို့သော်လည်း ဗီလိန်ကို ကူညီပေးရလောက်သည် အထိ သူမက အောက်တန်း မကျချင်ပေ။
သူမ၏ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသော ကိစ္စတိုင်းကို သူမ မပြောင်းလဲနိုင်သော်လည်း သူမကိုယ်တိုင် ရွေးချယ်ခွင့် ရှိသည်။
ဟိုက်ဟွေ့ဖျော်ဖြေရေးသို့ ပြန်လာပြီးနောက် လေ့ကျင့်ခန်း အခန်းတစ်ခန်းထဲ သီချင်းအသစ် လေ့ကျင့်နေသော ထျန်းကျင်းရွှမ်ကို ရိပ်ခနဲ လှမ်းမြင်သည်။
သူ့သီချင်းသံကို နားစွင့်ပြီးနောက် သူမက မိနစ်ပိုင်းခန့် တွေဝေပြီးမှ အခန်းတံခါးကို တွန်းဖွင့်ကာ အထဲ ဝင်လာခဲ့သည်။
"လောရှင်း၊ ရှင်ကို ကျွန်မ ပြောစရာလေး ရှိလို့ပါ"
ထျန်းကျင်းရွှမ်က သူတီးခတ်နေသော သူ့လက်ထဲမှ ဂစ်တာကို အောက်ချထားလိုက်ပြီး ရှားကျင်းရီကို ဖျတ်ခနဲ ကြည့်သည်။
"စကားပြောဖို့ နေရာ တစ်နေရာ ရှာကြတာပေါ့""ခေါင်မိုးပေါ် သွားမယ်လေ"
ခေါင်မိုးထပ်ကို နှစ်ယောက်အတူတူ ရောက်ပြီးနောက် ထျန်းကျင်းရွှမ်က ရှားကျင်းရီကို ကြည့်ကာ မေးမြန်းသည်။
"မင်းက ငါ့ကို ဘာပြောချင်လို့လဲ""ရှင့် နာမည်အစစ်က ထျန်းကျင်းရွှမ်၊ ရှင်က ထျန်းနင်ရဲ့မောင် မလား။ မှန်တယ်မလား"
ရှားကျင်းရီက စိုးရိမ်စိတ်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ သူမ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့လား သူမ မရေရာခဲ့ပေ။