ညနက်သန်းခေါင်ယံအချိန်ဟာ အေးစက်စက်။ ဆောင်းရာသီရဲ့အအေးဓာတ်ကို အနွေးပေးစက်က တွန်းလှန်ဖို့ ကြိုးစားနေသည်။ စောင်ပုံကြားမှာ ဆောင်းဟွန်းကတော့ ခပ်ကွေးကွေး။ ရှိနေတဲ့အနွေးငွေ့လေး ပျောက်သွားမှာစိုးသလို သူ့မှာ မလှုပ်မယှက်။
မျက်ဝန်းညိုတွေဟာ အရင်လို တောက်ပနေဆဲ။ တဖိတ်ဖိတ်လက်နေပုံဟာ လမ်းမီးတွေနဲ့အပြိုင်ပင် ဖြစ်သည်။ ဆံပင်ရှည်လေးတွေကတော့ မျက်စိရှေ့မှာ ခပ်အုပ်အုပ်။ အဖြူရောငွလက်ရှည်ပါးပါးလေးနဲ့ ဆောင်းဟွန်း၏ပုံစံဟာ ကလေးလေးတစ်ယောက်လိုသာ။
" ကျွန်တော် ကော်ဖီ အများကြီး သောက်မိသွားတာလား မသိဘူး. အခု မျက်စိကြောင်နေတယ် "
အီသန့်ပုံရိပ် ထင်ဟပ်နေတဲ့ဖုန်းဟာ ဆောင်းဟွန်းနဲ့ မျက်နှာချင်းဆိုင်မှာ။ သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း ပြောလိုက်လေတော့ ဖုန်းဖန်သားပြင်ပေါ်က အီသန်ရဲ့မျက်နှာလေးက မျက်လုံးမှေးစင်းနေရင်းကပင် နှုတ်ခမ်းပါးတွေ သိသိသာသာ ကွေးညွတ်သွားရသည်။ အိပ်ချင်မူးတူးပေမယ့် ဆောင်းဟွန်းကို ဆူပူဖို့လည်း မမေ့မလျော့။
ပိတ်လုပိတ်ခင်မျက်လုံးတွေကို အတင်းဖွင့်ထားရတဲ့ အီသန်က အတန်းထဲ အိပ်ငိုက်နေတဲ့ ကလေးလေးလို။ ဆောင်းဟွန်းကို သေးကြည့်နေရာကမှ မထိန်းနိုင်ဘဲ တစ်ချက်မျှ သမ်းဝေသွားတာကို ဆောင်းဟွန်း သတိထားမိလိုက်သည်။
ဖြစ်နိုင်တာကတော့ အီသန် သိပ်ကို ပင်ပန်းနေပြီထင်ရဲ့။ အိပ်ချိန်ကို ဆွဲထားဖို့အထိတော့ ဆောင်းဟွန်း မရက်စက်ချင်။
ဒါ့အပြင် အီသန်က မနက်ဖြန် မနက်စောစော အလုပ်သွားဖို့လည်း ရှိနေသေးတာကို နောက်ကျတဲ့အထိ အတင်းအကြပ် အတူတူ စကားပြောခိုင်းဖို့ရာ ဆောင်းဟွန်း တစ်ကိုယ်ကောင်းမဆန်သင့်ဘူးပဲ မဟုတ်လား။
ချစ်သူဆိုရင်လည်း ချစ်သူပေါ့။
သို့သော် စည်းတစ်ခုခြားပြီး လေးစားမှုရှိရမှာ ထုံးစံ။ဒါ့အပြင်ကိုမှ လူကြောက်တတ်တဲ့ဆောင်းဟွန်းက အီသန်နဲ့ ရင်းနှီးပါစေ အားနာတတ်တာ အရင်ကတည်းက။