သာမန်ဆန်တဲ့ ဆောင်းရာသီ၏ အစကနဦး နေ့ရက်တွေ။ အေးချမ်းတဲ့ဆောင်းဦးကို လွန်မြောက်လာချိန်မှာတော့ အအေးဓာတ်ဟာ တစ်စတစ်စ တိုးသည်။ တဖြည်းဖြည်း လျော့ကျလာတဲ့အပူချိန်အောက်မှာ မြို့ပြဟာ ငြိမ်ဝပ်ပိပြားလျက်။ မီးရောင်စုံတွေကတော့ အတန်ငယ် နွေးထွေးသွားစေသယောင်။
အအေးပိုလာတဲ့ ဆောင်းညတွေမှာ အပြင်ကို လျှောက်သွားနေခြင်းဟာ ရူးမိုက်တဲ့လုပ်ရပ်တစ်ခုလို။ ဆောင်းဟွန်းကတော့ အိမ်ပြင်ထွက်ဖို့ နည်းနည်းမှ စိတ်ကူးမရှိ။ နွေးထွေးတဲ့အသိုက်အမြုံကို လစ်လျူရှုပြီး ဆောင်းလေအေးတွေကြား တိုးဝင်ဖို့ရာ သူ မိုက်ရူးရဲမဆန်ဝံ့သေး။
ဒါပေမယ့်လည်း သူက ထိုသို့တွေးပေမယ့် တခြားသူတွေကတော့ ထိုသို့မတွေးဘူးထင်ရဲ့။ လိုက်ကာတွေသာ ဖွင့်လှစ်ပြီး ပိတ်ကာထားတဲ့မှန်တံခါးတွေရဲ့ တစ်ဖက်မှာတော့ သွားလာလှုပ်ရှားနေကြတဲ့သူတွေ။ အများစုက ညဘက် ဒိတ်ထ်ဖြစ်ကြတဲ့ချစ်သူရည်းစားတွေဆိုတာ မှန်းကြည့်စရာပင် မလိုခဲ့။
လူတွေက အချစ်နဲ့တွေ့ရင် မိုက်မဲတုံးအသွားတတ်ကြတာလား။ သို့မဟုတ် အချစ်စွမ်းအားကြောင့် အရာရာကို ရင်ဆိုင်ဝံ့သွားတတ်တာလား။ အချစ်နဲ့တွေ့ရင် သူလည်း ဒီလို ပြောင်းလဲသွားမှာလား ဆိုတာ ဆောင်းဟွန်း သိချင်မိတဲ့အရာ။
အဲ့လိုဆိုပေမယ့် သူဟာ ချစ်သူရည်းစား မရှိတာတော့ မဟုတ်ရပါဘူး။ သို့သော် သူကတော့ ထိုသို့ မပြုမူဖူးဘူးပဲလေ။ အကြောင်းရင်းကတော့ အအေးကြောက်တဲ့ဆောင်းဟွန်းကို ချစ်သူက အစိုးရိမ်ပိုလွန်းတာကြောင့်။
တစ်ခါတလေတော့လည်း ဒီလောက်ထိ မလိုဘူးပဲကို။ စတွဲကတည်းက အခုထိ ဂရုစိုက်ကြင်နာပေးတတ်တဲ့ ချစ်သူက သူ့ကိုဆို ယုယလွန်းခဲ့သည်။ ဘာလုပ်လုပ် သူ၏မျက်နှာ အညှိုးမခံဘဲ လိုက်လျောခဲ့တာ ဘယ်တော့မဆို အမြဲတမ်း။
ဆောင်းဟွန်းဘဝမှာ ဂုဏ်ယူစရာတွေ များများစားစား မရှိရင်တောင် သူ၏ချစ်သူကတော့ ဝံ့ကြွားချင်စရာအကောင်းဆုံး ဖြစ်သည်။ ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိနိုင်တဲ့ ထိုသို့သောအမျိုးသားကို ပိုင်ဆိုင်နိုင်ခဲ့တာဟာ သူ၏ကံကောင်းမှုပဲလေ။ ဒါဟာ သူ့အတွက် ဂုဏ်ယူစရာဖြစ်ရပ်။