"နှင်းနုရေ နင့်အဖေတော့ ဒုက္ခရောက်ပြီ"
တစ်နေ့ နှင်းနု လယ်ထဲဆင်းပြီးရွာထဲကို ပြန်ရောက်ချိန်မှာ အမေက ပြောသည်။
ပင်ပန်းနေသည့်အထဲတွင် ရုတ်တရက် စိတ်ပူစရာကြားရ၍ နှင်းန ဒူးညွှတ်ကျပြီး မတ်တပ်မရပ်နိုင်အောင် ဖြစ်သွားသည်။
"ဘယ်လို ဖြစ်တာလဲ အမေ"
"အခွန်တော် ကိစ္စနဲ့ ပတ်သက်ပြီး အကြွေးတွေမဆပ်နိုင်လို့ ဆိုပြီး မြို့ဂတ်က ဖမ်းသွားတာပဲ သမီးရေ"
နှင်းနု၏အဖေ ဦးအေးဆောင်မှာ သူကြီးဖြစ်သော်လည်း လူခွန်၊ လယ်ခွန်များ မတန်တဆ ကောက်ခံသည့့် အစိုးရကို ကျေနပ်သူ မဟုတ်ပါ။ တတ်နိုင်သမျှ ရှောင်လွှဲခြင်း၊ ရွာသားများကို အတင်းအကျပ်မကောက်ခံဘဲ နေခြင်းများ ပြုလုပ်ပြီး အာခံလေ့ရှိသူ ဖြစ်သည်။ ယခင်က ပြဿနာမပေါ်ခဲ့သော်လည်း ယခု ကြားထဲမှ ဝင်နှောက်သူရှိဟန်တူသည်။ ပြဿနာ ပေါ်ခဲ့လေပြီ။
နောက်တစ်နေ့ နှင်းနုတို့ မြို့ပေါ်လိုက်သွားပြီး အဖေနှင့် တွေ့ခွင့်ရဖို့ ကြိုးစားသည်။ သို့သော် မိန်းမသားများမို့ အထင်ကြီး မခံရ။ ပြဿနာ ပြေလည်ဖို့ အသာထား တွေ့ခွင့်ပင်မရ။
နေ့စဉ် တွေ့ခွင့်ရအောင် ကြိုးစားနေသည့့်အခါ နောက်ဆုံးတွင် ဌာနအုပ်က ပြောလာသည်။
"ခင်ဗျားတို့ ဒီလို လုပ်နေရုံနဲ့ အဆင်ပြေမှာမဟုတ်ဘူး။ ဦးအေးဆောင် ပြဿနာက ကြီးတယ်လို့ ပြောလို့ရတယ်။ သူက အစိုးရကို ပုန်ကန်တဲ့ လုပ်ရပ်လို့ စွဲချက်တင်ခံရရင် သေဒဏ်ကျမှာ။"
"ဒါပေမဲ့ ဆန့့်ကျင်တာ မဟုတ်ဘဲ အကြွေးမတောင်းနိုင်လို့ ဖြစ်ရတာပါဆိုပြီး ယုံကြည်အောင် လုပ်နိုင်ရင် အဆင်ပြေတယ်။ တစ်ပတ်အတွင်း အကြွေးပြန်ဆပ်မယ်။ ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ကလည်း အာမခံပေးရင် ရုံးတင်စွဲချက်တင်တဲ့ အဆင့့်မရောက်တော့ဘဲ အကြွေးဆပ်ပြီးတာနဲ့ လွတ်သွားမယ်။"
"ဒါပေမဲ့ ကျွန်မတို့က အကြွေးဆပ်ဖို့ ပိုက်ဆံ ဘယ်ရှိမလဲ။ နောက်ပြီး ဒီလို ကိစ္စကြီးကို ဘယ်သူက အာမခံပေးနိုင်မလဲ။"