"ပဲ........ပြုတ်"
နှင်းရည်ဝေ့နေသော ဝါးကပ်ခြံထဲက ပန်းအိုးများပေါ် ဖြာကျနေသော နေရောင်သည် နုသစ်လတ်ဆတ်လှသည်။ဆောင်းက ဆောင်းရာသီမှာ ဆောင်းမမည်ခဲ့ဘဲ ဧပြီနွေလယ်မနက်ခင်းမှာမှ ဆောင်းရာသီပိုဆန်နေသည်။လေထုထဲတွင် မိုးရနံ့လေးလဲရနေ၏။သက်ြန်မိုးတော့မရွာချင်တတ်သေး။ကျောင်းတွေပိတ်ထားပြီမို့ မနက်ခင်းလူအင်အားက ထက်ဝက်လျော့လို့နေသည်။သူကတော့ တက်တက်ကြွကြွပင် ပဲပြုတ်ထမင်းဆီဆမ်းအတွက် မနက်အစောပိုင်းကတည်းက အားတက်သရောနိုးလာပြီး ထမင်းရှင်ကို ကော်ဖီတခွက်နှင့် ဝရံတာထွက်မျှော်နေရတာဖြစ်သည်။စောကြီးက ဆိုင်ကယ်ကို ပန်းအိုးတွေနဲ့အဝတ်ကြိုးတန်းတိုင်တွေမထိအောင် သတိထားလှည့်ထုတ်နေရင်းက အပေါ်ထပ်ဝရံတာပေါ်သို့လဲ တချက်တချက် ဂျိုကြည့်လှမ်းကြည့်သေးသည်။စောကြီးခြံပြင်ရောက်ပြီးမကြာ အလုပ်သွားမယ့် ညမလေးက အပွင့်ရိုက်ဂါဝန်လေးနှင့် ခြံထဲရောက်လာလေသည်။ဝရံတာက သူ့ကိုတွေ့တော့ မော့ကြည့်ပြုံးပြလာလေသည်။
"အမ...ဒီနေ့ အလုပ်မသွားရလား"
အသံလေးလေးဖြင့်နှုတ်ဆက်လာလို့ သူ လက်တဖက်ကကော်ဖီခွက်ကိုင်ထားရင်း တဖက်က ဝရံတာကိုထောက်ထားကာ ကောင်မလေးကို ငုံ့မိုးကြည့်လိုက်သည်။ညမလေး၏အသံသည် ဝဲသည်ထက် ခပ်လေးလေးနှင့် စကားလုံးတို့ကိုဆွဲငင်ပြောသံပေါက်သည်။သူမအမေအသံမှာမူ အတော်ပင်ဝဲတဲတဲဖြစ်လေသည်။
"နေ့လည်မှ.....သွားပြီလား ညမလေးတို့က"
"ဟုတ်....သွားပြီနော် အမ တာ့တာ"
"တာ့တာ နော် အမ တာ့တာ"
"ဒီဘက်လဲ တာ့တာနော်...ကိုကို"
ညမလေးက လက်ပြနေ၍ သူလက်တချက်ကာပြလိုက်သည်ကို အရှေ့ကဖြတ်သွားသော ကောင်မလေးများက ဝရံတာပေါ်လှမ်းမော့ကြည့်ကာ ခြံရှေ့ကနေ ခုန်ပေါက်လက်ပြလှမ်းလုပ်ပြနေကြသည်။လမ်းသွားလမ်းလာတချို့ ကောင်မလေးတွေ ခုန်ပေါက်လက်ပြရာ ဝရံတာဘက်လှမ်းကြည့်သွားကြလေသည်။ကာကီဘောင်းဘီဒူးလောက်နှင့် တီရှပ်အဖြူပါးလွလွဝတ်ထားပြီး ဆံပင်တွေကို ဖြစ်သလိုဆွဲသိမ်းထား၍ ဘေးတဘက်စီနှင့် ရှေ့မျက်နှာပေါ် တချို့တဝက်ဝေ့ဝဲကျနေသည်။ပိန်သော်လည်း အားကစားလိုက်စား၍ အရိုးအဆစ်ကြံ့ခိုင်သောလက်မောင်းတို့အဆုံး လက်ဖမိုးတွင် အစိမ်းရောင်သွေးကြောမျှင်တို့က သိသိသာသာ ယှက်တန်းနေသည်။ရှည်သွယ်ပြီး ခိုင်ကျဉ်သည့်မေးရိုးထင်ထင်ရှားရှားနှင့် သူ့မျက်နှာသည် နံနက်ခင်းနေပျောက်လေးတွေကြောင့် ဝါကျင်ကျင်ရောင်သန်းနေလေသည်။သည်နေပျောက်ကြောင့်ပင် နှာခေါင်းထိပ်နားကမှဲ့နက်ကို ဝေးဝေးကနေတောင်လှမ်းတွေ့နေရ တာဖြစ်မည်။သူ့ကို လည်ပြန်ထပ်ထပ်ကြည့်ကာ လက်လှမ်းပြမပြီးသည့် ကောင်မလေး ၏လည်ဂုတ်ကို စောကြီးက ခပ်ဆဆပုတ်ဟန့်လိုက်သည်။သူတို့လင်မယားဆိုင်ကယ်ထွက်သွားသည့်နောက် မသေးမျှင်သည် ခေါင်းရင်းအိမ်က အမျိုးသမီးနဲ့အတူ ဈေးဆွဲခြင်းဆွဲလျှက် ဖြည်းဖြည်းလျှောက်လာလေသည်။
YOU ARE READING
ဂမုန်းအိမ်
Romanceဖခင်နဲ့ ကတောက်ကဆဖြစ်လို့ အိမ်ရဲ့အဝေးထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ သူ့ဖခင်ရှာမတွေ့နိုင်လောက်တဲ့ ဆင်ခြေဖုံးရပ်ကွက်တခုမှာ အိမ်ငှားနေရင်း သူ့ပညာ သူ့လူစွမ်းလူစနဲ့ လုပ်ငန်းတခုထူထောင်နိုင်ဖို့ကြိုးစားပါတယ်။ပြောင်းလဲပစ်လိုက်တဲ့ သူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့...