73-လူလောကဝယ် မင်းနဲ့တွေ့တယ် ၊ မိုးရေအောက်က ပန်းကလေး

789 133 17
                                    

|| လူလောကဝယ် မင်းနဲ့တွေ့တယ် ၊ မိုးရေအောက်က ပန်းကလေး [ အပိုင်း ၂ ] ||

ရှဲ့လျန်တစ်ယောက် အတွေးထဲ အတိတ်က တစ်စုံတစ်ရာကို အမှတ်ရမိသလိုနဲ့ "အာ~" ခနဲ အသံသေးသေးလေးတစ်ခု ပြုလိုက်မိတယ် ။

ပတ်တီးတွေ အထပ်ထပ် ရစ်ပတ်ထားတဲ့ အဲဒီမျက်နှာဟာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက တွေ့ခဲ့ဖူးတဲ့ ကလေးလေးတစ်ယောက်ကို မလွဲဧကန် အမှတ်ရမိသွားစေတယ် ။ သို့ပေမဲ့ သူအပြည့်အဝတော့ မသေချာ ။ အဆိုးဘက်ကတွေးပြီး ပြောရရင် ထိုက်ချောင်းတောင်က ထွက်ပြေးသွားပြီးနောက် အဲဒီကလေးလေး အသက်ရော ရှင်နေသေးရဲ့လား ?

အဲဒီအချိန် ကောင်လေးဟာ ရှေ့ကို တိုးလာတယ် ။ ခြေဖျားလေးအသာထောက်ရပ်ပြီး ရွှံ့မြေရုပ်တုတော်ပေါ်က ပန်းလေးကို သူ့လက်ထဲက ပန်းလေးနဲ့ လဲလိုက်တယ် ။ ပူဇော်ပွဲစင်ပေါ်က ရှဲ့လျန်ဟာ ဒီအခြင်းအရာကို နေ့အချိန်အလား ရှင်းလင်း ပြတ်သားစွာ မြင်နေရတယ် ။ အဲဒီပန်းအသစ်ကလေးရဲ့ ပွင့်ချပ်လွှာတွေဟာ ပိုဝေဝေဆာဆာရှိပြီး ပိုပြီးတောင် အနုစိပ်လှပလွန်းတယ် ။ သူ့ရဲ့ ပွင့်ချပ်ပေါ်မှာ နှင်းရေစက်လေးတွေ နှစ်စက်မကရှိနေပြီး ရနံံ့ပြင်းပြင်းလေးနဲ့ အခုမှ လတ်လတ်ဆတ်ဆတ်ခူးဆွတ်လာမှန်း သေချာသိနိုင်တယ် ။ ဒီ မထင်မရှား နတ်ကွန်းလေးဆီ ဒီကောင်လေး နေ့စဉ်လာရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ပန်းအသစ်လဲပေးဖို့ တဲ့လား ?

ဒါ့အပြင် ပန်းဆပ်ကပ်ပြီးတဲ့အခါ ကောင်လေးဟာ ရွှံ့မြေရုပ်တုတော်ရဲ့ရှေ့မှာ မတ်တပ်ရပ်နေတယ် ။ ခေါင်းမာစွာ ဒူးထောက်ချင်ကြတဲ့ အခြားသော ပူဇော်ကိုးကွယ်သူတွေနဲ့ မတူခြားနားစွာ သူဟာ သူ့ရဲ့ လက်ချောင်းလေးတွေကို ဆုတ်ယှက်ပြီး မတ်တပ်ရပ်နေရင်းနဲ့ပဲ ဆုတောင်းဝတ်ပြုမှုကို တိတ်ဆိတ်စွာ ပြုလုပ်နေတယ် ။ သူဟာ အမှန်တကယ်ပဲ ရှဲ့လျန်ရဲ့ ဆန္ဒအတိုင်း အတိအကျ လိုက်နာခဲ့တယ် ။

သုံးနှစ်ရှိခဲ့ပြီ ။ ရှဲ့လျန်ကို ဆုတောင်းဝတ်ပြုတဲ့ ပူဇော်ကိုးကွယ်သူတွေထဲ အမှုထမ်း အရာထမ်းတွေ ၊ဆွေကြီး မျိုးကြီး မှူးမျိုး မတ်နွယ် သူဌေးသူကြွယ်တွေ ၊ ဒီမြေပေါ်က ထင်ရှားကျော်စောတဲ့ လူပေါ်လူဇော်တွေ နဲ့ ပါရမီရှင်တွေဟာ ကောင်းကင်ဘုံက အထင်ကြီးလောက်အောင် များပြားလွန်းလှတယ် ။ ဒါနဲ့တောင် စိတ်ရောကိုယ်ပါ ရည်သန်စစ်မှန် သဒ္ဒါအထက်သန်ဆုံးလို့ ရှဲ့လျန် အမှန်တကယ် ခံစားမိတဲ့ တစ်ယောက်ဟာ ဒီဆယ့်သုံးနှစ်သာသာလောက်သာ ရှိသေးတဲ့ ကလေးလေးပဲ ။ ဒါအပြင် ဒီကလေးဟာ သူ့ရဲ့ အဖာတစ်ရာ အဝတ်အစားတွေကြောင့် ကြော့ရှင်းတောက်ပ တင့်တယ်ခြင်းအတိပြီးတဲ့ ရွှေရောင်တဖိတ်ဖိတ်လက် နတ်ကွန်းတွေထဲ ဝင်ခွင့်မရဘဲ ဒီလို အနုပ်စုတ်ကုပ်စုတ် ချုံးချုံးကျနေတဲ့ နတ်ကွန်းလေးမှာ သူ့ရဲ့ ဝတ်ပြုဆုတောင်းခြင်းကို လာလုပ်ရတာ ဖြစ်မယ် ။

ထျန်းကွမ်းစစ်ဖူ (volume 2 unicode)Where stories live. Discover now