-EXTRA:Merry Christmas -

926 92 40
                                    

" အင်းးးး "

ဆောင်းရာသီမနက်ခင်း၏နေရောင်က ဖြူလွလွလိုက်ကာစများကို ဖြတ်‌ကျော်၍ မျက်နှာတည့်တည့်ကို ထိုးလာခဲ့ပါလျှင် ဂယူဘင်းက ညည်းသံတစ်ချက်ပြု၍ တစ်ဖက်သို့စောင်းကာ လှဲအိပ်လိုက်ပါသည် ။

ထိုအခါတွင်တော့ ရစ်ခီသည် သူတို့နှစ်ယောက်ခြုံထားသည့်ဂွမ်းစောင်ဖြူဖြူကို ဆတ်ခနဲဆွဲလှန်လိုက်ကာ ဂယူဘင်း၏ညအိပ်ဘောင်းဘီပေါ်ကနေ၍ တင်ပါးများအား ရိုက်သည်မဟုတ်ဘဲ လက်ညှိုးနှင့်လက်မသုံးကာ နှိပ်နယ်ပေးလာရင်းဖြင့်

" နိုးပြီလား ။ "

ဟူသည့်အသံအား ချစ်စရာကောင်းအောင်ပြု၍ ဆိုလာပါလျှင် ဂယူဘင်းက ခေါင်းအုံးထဲတွင် ခေါင်းဝင်တိုးရင်းမှ ရစ်ခီမမြင်အောင် ပြုံးလိုက်မိပါသည် ။

ကျောင်းပြီးပါပြီဆိုကတည်းက ရစ်ခီက သူ့အိမ်ဘက်ကိုရော ၊ ဂယူဘင်း၏အိမ်ဘက်ကိုပါ

" ကျွန်တော်တို့ အိမ်ခွဲနေချင်ပါတယ် ။ "

ဟု အတိအလင်းကြေညာခဲ့ပြီး သူ့ဖခင်ဖြစ်သူပြန်ပြောလာခဲ့သည့် "အိမ်ခွဲနေရင် ငါတို့ကို ဘာပြန်ပေးမှာလဲ " ဆိုသည့်အပေးအယူကိုတော့
" နှစ်ဖက်မိဘတွေကို ကျွန်တော်တို့ရဲ့ လစာတစ်ဝက်စီအပ်ပါ့မယ် ။ " ဆိုသည့်ကတိအား အင်တင်တင်နှင့် ပေးခဲ့ပါသည် ။

သို့သော်လည်း ထိုအချိန်ကတည်းက ဖအေထက်သားတစ်လကြီးတတ်သောရစ်ခီက ဂယူဘင်း၏ မိဘများဘက်ကိုသာ လစာတစ်ဝက်အပ်ခိုင်းတတ်ပြီး သူကိုယ်တိုင်ကတော့ လကုန်ရက် လစာထုတ်လာလျှင် အိမ်ကိုအပ်မည်ဆိုသည့်တစ်ဝက်ကို တန်းမအပ်ဘဲ အချိန်ဆွဲနေကာ ဆယ်ရက်ကျော်မှအပ်ပြီး နှစ်ဆယ်ရက်ကျော်လျှင်တော့ " ကျွန်တော်တို့ သုံးစရာကုန်ပြီ " ဟုဆိုကာ မအေဖြစ်သူရှန်မာမားဆီက အနုနည်းနှင့် ပြန်တောင်းတတ်လေသည် ။

ဂယူဘင်းက အစကတော့ ရစ်ခီ့အား ထိုသို့မလုပ်ရန်တားခဲ့သော်လည်း ရစ်ခီ့၏ပါပါးသည်လည်း သူ့သားအား သပ်သပ်အနိုင်ယူချင်၍သာ ထိုအပေးအယူအား လုပ်ထားမှန်း သဘောပေါက်သည့်အခါတွင်တော့ ရစ်ခီ့မာမား၏စကားအတိုင်းပင် ထိုသားအဖနှစ်ယောက်၏ ရှေ့နောက်မညီသည့်စကားများအား ဂယူဘင်းရော ၊ ရှန်မာမားကပါ လျစ်လျူရှုထားလိုက်ကြပါသည် ။

𝑷𝑰𝑵𝑲 𝑯𝑶𝑷𝑬(SHIMKONGZ) [COMPLETED]Where stories live. Discover now