(Unicode)
နွေရာသီကို ချယ်ယောင်း မုန်းသည်။ အထူးသဖြင့် ချယ်ယောင်းတို့လို ကလေးအရွယ်ကနေ ဆယ်ကျော်သက်အရွယ်တွေအတွက်ပါ ရည်ရွယ်ပြီး ဖွင့်ထားတဲ့ နွေရာသီစခန်းကိုပေါ့။ ချယ်ယောင်းအသက် ၈ နှစ်ကတည်းက နှစ်တိုင်း နွေရာသီစခန်းမှာ တစ်လနီးပါးလောက် အချိန်ဖြုန််းနေခဲ့ရသည်။ အဖေရော၊ အမေရောက ဒီစခန်းရဲ့ပိုင်ရှင်တွေဖြစ်တာကြောင့် ချယ်ယောင်းရဲ့ နွေရာသီကျောင်းပိတ်ရက်တွေကို အသုံးမဝင်တဲ့နွေရာသီစခန်းမှာ ကုန်ဆုံးစေသည်။ တသီးတသန့်နေရတာကို ကြိုက်တဲ့သူဖြစ်တဲ့အလျောက် နွေရာသီစခန်းမှာ လူတွေအများကြီးနဲ့ ထိတွေ့ဆက်ဆံနေရခြင်းဟာ ချယ်ယောင်းကို စိတ်မသက်မသာဖြစ်စေသည်။
ချယ်ယောင်းတစ်ယောက် နွေရာသီစခန်းကိုမုန်းနေခဲ့တာ ဘူဆန်ကနေ သူနဲ့ရွယ်တူ ကင်မ်ဂျီဆူးဆိုတဲ့ကောင်မလေး မရောက်လာခင်အထိပေါ့။
-
ဂျီဆူးရဲ့မိဘတွေကလည်း နှစ်ယောက်လုံး အလုပ်မအားတဲ့သူတွေဖြစ်တာကြောင့် ဒီနှစ်နွေရာသီမှာ ဂျီဆူးကို နွေရာသီစခန်းပို့ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ချယ်ယောင်းက တိတ်တိတ်ဆိတ်ဆိတ်နေရတာကိုကြိုက်ပြီး ဂျီဆူးကသူငယ်ချင်းတွေအများကြီးနဲ့နေရတာကို သဘောကျသည်။ ချယ်ယောင်းက ကြောက်တတ်သူဖြစ်ပြီး ဂျီဆူးက ချယ်ယောင်းကြောက်အောင် စနောက်တတ်သူဖြစ်သည်။
ဂျီဆူးမှာ သည်းထိတ်ရင်ဖိုစာအုပ်တွေဖတ်ရတာကို နှစ်သက်တဲ့ ဝါသနာတစ်ခုရှိသည်။ ဂျီဆူးရဲ့မိဘတွေက မွေးနေ့လက်ဆောင်အနေနဲ့ဖြစ်စေ၊ ခရစ္စမတ်လက်ဆောင်အနေနဲ့ဖြစ်စေ သည်းထိတ်ရင်ဖိုစာအုပ်တွေဝယ်ပေးသောအခါ ဂျီဆူးက ထိုစာအုပ်တွေအကုန်လုံးကိုဖတ်ပြီး နွေရာသီမှာ ချယ်ယောင်းကို ပြန်ပြောပြတတ်သည်။ ကြောက်တတ်တဲ့ ချယ်ယောင်းက ဂျီဆူးရဲ့သရဲပုံပြင်တွေနားထောင်ပြီး တရှုံ့ရှုံ့ငိုတတ်တဲ့အခါမှာ ဂျီဆူးကပဲ အငိုမတိတ်မချင်း ပြန်ချော့တတ်သေးသည်။
တစ်ခါက ချယ်ယောင်းကိုခြောက်လှန့်ဖို့အတွက် အရမ်းမမြင့်တဲ့သစ်ပင်တစ်ပင်ပေါ်တက်ပြီး ချယ်ယောင်းရောက်လာတဲ့အချိန် သစ်ပင်ပေါ်က ခုန်ချကာ ခြောက်လှန့်ခဲ့ဖူးသည်။ ရလဒ်အနေနဲ့ ချယ်ယောင်းရဲ့ထိတ်လန့်သွားတဲ့မျက်နှာအမူအရာကိုတွေ့ခွင့်ရလိုက်ပြီး အပိုဆုအနေနဲ့ရလိုက်တာကတော့ နဖူးပေါ်ကအမာရွတ်ပေါ့။ ဒါပေမယ့် ကင်မ်ဂျီဆူးက ချယ်ယောင်းရဲ့ တစ်ခုခုကိုလန့်သွားရင်ဖြစ်တတ်တဲ့မျက်နှာအမူအရာကို ချစ်စရာကောင်းတယ်လို့မှတ်ယူထားတာကြောင့် နဖူးကအမာရွတ်ရတာတန်သည်ဟု ယူဆခဲ့သည်။ နွေရာသီစခန်းမှာ တစ်လအချိန်ကုန်ပြီးရင်တော့ ကျန်နေတဲ့တစ်နှစ်ပတ်လုံးကို နှစ်ယောက်သား ဖုန်းထဲကတစ်ဆင့်စာပို့ရင်းအဆက်အသွယ်လုပ်ကြသည်။