BFF>>>>>>>
"ဟယ်လို မခ...."
"......"
စကားမပြန်ပေမယ့် ခပ်မျှင်းမျှင်းအသက်ရှူသံအား ကြားလိုကိရလျှင်ပဲ သူ့မှာစိတ်သက်သာရာရနေပြီဖြစ်၏။
"မခ ငါ...."
"ဘာကိစ္စလဲ"
အေးစက်စက်အသံကို လပြည့်ခဗျာ လျစ်လျူမရှုရက်နိုင်ဘဲ....
"ငါတောင်းပန်ပါတယ် ဟိုနေ့ကငါစကားလွန်သွားခဲ့တယ်"
"အွန်း!"
"မင်းငါ့ကိုစိတ်မဆိုးတော့လို့ရမလား"
"ငါမဆိုးဘူး"
လပြည့် စိတ်အားထက်သန်လာပြီး....
"ဒါဆို ငါတို့အခုပြန်အဆင်ပြေသွားပြီမလား"
မခဘက်မှပြန်ဖြေမလာချေ။ လပြည့်၏ရင်မှာ စိုးရိမ်သောကတို့ဖြင့် တထိတ်ထိတ်ခုန်လာသည်။ ခဏနေတော့ မခဆီမှသက်ပြင်းချသံကိုကြားလိုက်ရပြီး ပြောလာသောစကားသည်လည်း သူ၏ငယ်ထိပ်ကို မိုးကြီးဆယ်စီးတစ်ပြိုင်တည်းပစ်ချသွားသည့်နှယ် ဖြစ်သွားခဲ့လေသည်။
"လပြည့်..... ငါတို့ရဲ့သူငယ်ချင်းဆက်ဆံရေးကို ဒီနားမှာတင်ပဲ ရပ်လိုက်ကြရအောင်"
-
လပြည့် သူ၏ဖုန်းကိုတိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်ရင်း မခ၏အသံများကို ပြန်လည်ကြားယောင်လာသည်။
'ဝန်းလပြည့်ရံ မင်းနဲ့ငါသူငယ်ချင်းမဟုတ်တော့ဘူး!'
'ငါမင်းနဲ့မခင်တော့ဘူး'
'မင်းနဲ့ငါဆက်ဆံရေးပြတ်သွားပြီ နောက်နောင်ငါ့ကိုလာမခေါ်နဲ့'
ငယ်ငယ်ကတည်းကနေ ယခုထိ သူတို့အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ဖူးကြသည်။
သို့သော် ယခုကမတူ။ ဒေါသသံမပါဘဲ၊ ခံစားချက်မပါဘဲ လေပြည်အေးကလေးနဲ့ အဆိုပြုသွားခဲ့တာ။
ရန်ဖြစ်ပြီးမခေါ်တိုင်း မခက သူ့ဖုန်းနံပါတ်ကိုပါBlockသွားတတ်သည်။ ယခု သူအBlockမခံရပေ။
"လာနောက်နေတာလား"
လပြည့် တိုးဖွဖွရေရွတ်မိပေမယ့် စိတ်ထဲကပေါ့ပါးမသွားခဲ့ပါချေ။