The Last Wish of A Cat

909 111 20
                                    

မျက်လုံးနှစ်လုံး ပွင့်ပွင့်ချင်း ဟာအို အလန့်တကြား ထထိုင်လိုက်မိတယ်။ မနေ့ညက သူ ဧည့်ခန်းထဲမှာ မေ့လဲသွားခဲ့တာဖြစ်ကြောင်း သေချာ မှတ်မိနေပါတယ်။ အခု သူနိုးလာတာ အိပ်ခန်းထဲက ကုတင်ပေါ်မှာ။ ရှောင်ကျူးကျူးကတော့ သူ့ကို သယ်လာနိုင်မှာ မဟုတ်ဘူး။ 

လူ ၂ ယောက်ပဲ နေတဲ့အိမ်မှာ သူ့ကို ပွေ့ချီပြီး အိပ်ခန်းထဲ ပို့ပေးနိုင်မဲ့သူဆိုလို့... ဟန်ဘင်းလား...ဟန်ဘင်း ပြန်လာတာလား။ 

ခေါင်းအုံးပေါ်မှာ ကပ်ကျန်နေခဲ့တဲ့ ဆံပင်တွေကို လက်နဲ့ သပ်ကာ ကပျာကယာစုပြီး အင်္ကျီအိတ်ကပ်ထဲ အမြန် ကောက်ထည့်ရတယ်။ တော်ကြာ ဟန်ဘင်းမြင်ရင် စိတ်ရှုပ်သွားရပါဦးမယ်။ ပြီးတော့.. ခေါင်းစွပ်.. သူ့ခေါင်းမှာ ဆံပင်တွေက ပါးပါးလေးပဲ ကျန်တော့တာမို့ ကြည့်ရဆိုးနေလောက်ပြီ။ 

သိုးမွှေးခေါင်းစွပ်ကို အသည်းအသန်ရှာကာ တွေ့တာနဲ့ အမြန်ဆွဲယူ စွပ်ချပြီး သက်ပြင်းချလိုက်မိချိန် ကုတင်ခြေရင်းက အိပ်ရာလေးထဲမှာ အိပ်နေတဲ့ ရှောင်ကျူးကျူးက သူ့ကို ပြူးပြူးလေး မော့ကြည့်လို့။ ဒီတော့မှ ပတ်ဝန်းကျင်ကို သတိပြန်မူမိသွားတာ။

နှစ်ယောက်အိပ်ကုတင်ထက် သူ့ဘေးဘက်နေရာလေးက ကွက်လပ်ကလေး၊ လက်ဝါးနဲ့ ထိကြည့်တော့ အေးစက်စက်ကလေး၊ သူ့ရဲ့တစ်စုံတစ်ဦးလေးကဖြင့် ခဏလေးတောင်  လဲလျောင်းသွားပုံမရ။ 

အိပ်လို့ မရတော့မဲ့တူတူ သူ့ကြောင့် နိုးသွားတဲ့ ရှောင်ကျူးကျူးကို ကောက်ချီကာ ပေါင်ပေါ်တင်ပြီး အမွေးတွေကို ပွတ်သပ်ပေးမိတယ်။ 

“ကျူးကျူး .. သူ ငါ့ကို ကြမ်းပြင်ပေါ်မှာ လဲနေတာ မြင်သွားချိန် ဘယ်လောက် စိတ်ပျက်သွားမလဲ မသိဘူးနော်”

အိမ်မှာ သိပ်မကပ်တဲ့ ဟန်ဘင်းက ပြန်လာပြီဆိုတဲ့အချိန်တိုင်းမှာတော့ မနက်စာစားချိန်ထိ နေလေ့ရှိပါတယ်။ ဒါကြောင့်မနက် ၄ နာရီဆိုတာက ပုံမှန်လိုသာဆို ဟန်ဘင်း ရှိနေရမဲ့အချိန်ပါ။ အခု မိုးလင်းအောင်တောင် မစောင့်နိုင်တော့ဘဲ ပြန်ထွက်သွားပုံအရ အိမ်မှာ လုံးဝကို ဆက်မနေချင်တော့အောင် ဖြစ်သွားလို့ပဲပေါ့။

Flying to the pink skyWhere stories live. Discover now