မြသွေး ကိုယ့်ကိုယ်ကို ဒေါသဖြစ်နေမိတယ်။ ခရီးထွက်ရာက ပြန်လာတဲ့ မောင့်ကိုလည်း မျက်နှာပူလို့ တနေကုန် ရှောင်နေရတာ။ မောင့် အထက်အရာရှိ ကြောင့်ပေါ့။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ပြန်တွေးတိုင်း ရင်ခုန်ရသလို ရှက်လည်း ရှက်မိပါတယ်။
မောင် ရာထူးတက်တော့ သူ့ဆရာကို အိမ်ခေါ်ပြီး ဧည့်ခံချင်တယ် ပြောလို့ မြသွေးလည်း အမြည်းအတွက် ဈေးသွား ချက်ပြုတ် ကြော်လှော်နေတာ နေ့လည်မှ ပြီးတာ။ မောင်က ဖုန်းတဂွမ်ဂွမ် ဆက်ပြီး ဟိုဟာလေး ကြော်ဦး ဟင်းရည်လေး လုပ်ဦး စုံနေတာပါပဲ။
ညပိုင်း မောင့်ဆရာ ပါလာတော့ အသက် ၅၀ လောက် အသားဖြူဖြူ ရုပ်ရည်ခန့်ခန့်နဲ့ စကားပြောရင် ပြုံးပြီး ပြောလေ့ရှိတယ်။ သူနာမည်က ဦးဇေယျာတဲ့။ မိန်းမလည်း ရှိတယ်။ မိသားစုက နယ်မှာ နေတာ။ သူ့မိန်းမ နာမည်က ဒေါ်လှလှနွယ်။ သားတစ်ယောက်ရှိတယ် ပြောတယ်။ သူတစ်ယောက်ထဲ ဒီမြို့လေးကို အလုပ်ကိစ္စနဲ့ ရောက်နေတာ ၂ လကျော်ပြီ။ ရုံးကပေးတဲ့ တိုက်ခန်းမှာ နေပေမယ့် စားရေးသောက်ရေး အဆင်ပြေပုံ မရဘူး။ မြလေး ချက်ပြုတ်ပေးတဲ့ အသားကြော် အရွက်ကြော် အမြည်းတွေကို တစ်ပန်းကန်ချင်း စားပြီး ချီးကျူးနေတယ်။ မြသွေးလည်း အဲ့အချိန် စိတ်ထဲ ဘဝင်ကျ နေမိတာပေါ့။ ကိုယ့်လင်ရဲ့ အထက်အရာရှိက မြသွေးလက်ရာကို သဘောကျနေတာလေ။ ဘီယာသောက်လိုက် မောင်နဲ့ အလုပ်ကိစ္စ ဆွေးနွေးလိုက်နဲ့ ညမိုးချုပ်မှ ပြန်သွားတယ်။
အဲ့ဒီနောက် ၁ လလောက်နေတော့ အိမ်မှာ ဝင်ထွက်နေရင်း မိသားစုလိုပဲ ဖြစ်သွားတာပေါ့။ မြသွေး အတွက် လက်ဆောင် အင်္ကျီတွေ ရေမွှေးပုလင်းတွေ ခဏတိုင်း ဝယ်ပေးရှာတယ်။ ဦးဇေယျာက အိမ်ထမင်း အိမ်ဟင်းတွေ စားချင်ရှာတာပါ။ ဦးဇေယျာ ကြိုက်တတ်တဲ့ ဟင်းလေးတွေ မေးပြီး ချက်ကျွေးပါတယ်။
" မောင် ... ရာထူးတိုးတာ ... ဆရာ့ကျေးဇူးတွေ အများကြီးပါတယ် ... မြသွေးရဲ့ ...။ မောင်တို့မြို့လာတုန်း ... တတ်နိုင်သလောက် ... ပြုစုရမှာ "
ညပိုင်း စားသောက်ပြီး အိပ်ယာဝင်တော့ မောင်က သူ့ဆရာရဲ့ ကျေးဇူးတရားတွေ ပြောပြနေတာ။