>> Unicode <<
~~~~~~~~~~~~နားထဲမှာ ကြားနေရတဲ့အသံတွေက မပီမပြင်။ အော်ဟစ်ပြောဆိုနေကြတဲ့ စကားသံတွေလို။ လမ်းလျှောက်သံတွေလို။ ကျွန်တော့်တစ်ကိုယ်လုံးကမလှုပ်ချင်လောက်အောင် နုံးချည့်နေတယ်။ ကျွန်တော့်ခန္ဓာကိုယ်က သိပ်ကိုပင်ပန်းနေသလိုမျိုး။ နှာခေါင်းဝနား တိုးဝင်လာတဲ့အနံ့သက်တွေက ဈေးရုံထဲကအနံ့တွေလိုပဲ။ စိမ်းရွှင်ရွှင်နဲ့ တစ်ချက်တစ်ချက်ညှီနံ့တွေပါ ပါလာတယ်။ လေထုကတော့ နွေးသလိုပဲ။
ကျွန်တော်အရမ်းပင်ပန်းနေပေမဲ့ စိတ်ကတော့ ဆက်ပြီးအိပ်မနေချင်လို့ အားတင်းပြီးမျက်လုံးဖွင့်ကြည့်မိတယ်။ သိပ်ကိုမြင့်မားတဲ့နံရံတွေရယ် ၊ ခေါင်မိုးအပြာတွေ ပြီးတော့ နံရံတွေရဲ့ထိပ်မှာ မြှုပ်ထားတဲ့မှန်ချပ်တွေရှိလို့ အလင်းရောင်သဲ့သဲ့က ဟိုတစ်စသည်တစ်စ။
ဒါက ဘယ်နေရာလဲ။ ကျွန်တော့်အိမ်မဟုတ်တာတော့ သေချာတယ်။
အိပ်ရေးမဝသလို ခေါင်းထဲရီဝေဝေနှင့် သံလွင်ထထိုင်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်မိတော့ လူတွေမှအများကြီး။ စကားပြောတဲ့သူကပြော၊ အိပ်တဲ့သူကအိပ်နေကြသည်။ ထိုလူတွေကိုကြည့်ပြီး သံလွင်အိပ်ချင်ပြေလာကာ လူကကြောင်အမ်းအမ်း။ သူတို့ကတော့ သံလွင့်ကိုသတိမထားမိကြပေ။
ဘေးပတ်ပတ်လည်ကို သံလွင်လိုက်ကြည့်ရင်း အရင်ဆုံးသတိရမိတာက မိခင်ဖြစ်သူကိုသာ။ ပြီးနောက် ဖြစ်ခဲ့သမျှကိုပြန်တွေးတောရင်း ခေါင်းထဲပေါ်လာသည်က ဇက်နှင့်အတူရှိချိန်တွေ။
ဟုတ်တယ်.. ကျွန်ဝောာ် ဇက်နဲ့အတူရှိနေခဲ့တာပဲ။
သံလွင်အိပ်နေသည့်နေရာက ဖျာကြမ်းတစ်ခုပေါ်မှာ။ ချက်ချင်းပဲထရပ်လိုက်တော့ ခေါင်းထဲမှာမူးဝေသွား၍ တစ်ချက်ယိုင်သွား၏။ ခေတ္တခဏငြိမ်နေပြီးမှ သံလွင် ဦးတည်ရာမရှိဘဲ လူတွေကြားထဲ တိုးဝင်လာသည်။ သူ့မယ် ဖိနပ်လည်းမပါ။ အဝတ်စားတွေကတော့ သူ၏အဝတ်စားတွေပဲဖြစ်၏။
ဟောခန်းလိုနေရာမျိုးမှာ အယောက် ၃၀ နီးပါးရှိမည့်လူတွေဟာ သံလွင့်အတွက်ထူးဆန်းနေ၏။ အချင်းချင်းပြောနေကြတဲ့စကားတွေမှာ သူနားမလည်သည့် တိုင်းရင်းသားစကားတွေဖြစ်သည်။ ရင်းနှီးတဲ့သူတစ်ယောက်တောင်မရှိတဲ့နေရာမှာ စကားသွားပြောဖို့ကိုလည်း လူကတွန့်ဆုတ်နေ၏။ ဘာဆိုဘာမှမသိရတဲ့အခြေနေမျိုးမှာ အတိအကျကိုသိမ်ငယ်ကြောက်ရွံ့စေသည်။
YOU ARE READING
𝑍 [ Completed ]
Short Story" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "