"မင်းသားလေး ကြွချီတော်မူလာပါတယ်"
တံခါးဝမှ အထိန်းတော်ချုပ်၏ကြေညာသံကြောင့် ညီလာခံတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွား၏။ ဟန်မပျက် ဆက်ထိုင်နေရမလို၊ ထပြေးရတော့မလိုနှင့် အိန္ဒြေပင်ဆယ်နိုင်လောက်အောင် ဗျာများသွားကြသော အမတ်ကြီးများ၏အဖြစ်အား ဧကရာဇ်ကိုယ်တိုင်လည်း အပြစ်မတင်ရက်သည်မှာ ထိုကလေးရောက်လာသည့်အခါတိုင်း တစ်ခုမဟုတ်တစ်ခုဖြစ်တတ်၍။
ပထမတစ်ခေါက်က ဂျိုဆွန်းရိုးရာကောက်သစ်စားပွဲတော်အထိမ်းအမှတ်ဟုဆို၍ ညီလာခံတက်လာသည့် အမတ်များ၊စစ်ဘက်အရာရှိများအားလုံးကို ကိုယ်တိုင်လုပ်ထားသည့်ဆန်မုန့်များဖြင့် ဧည့်ခံကျွေးမွေးပြီး နောက်တစ်နေ့၌ ညီလာခံတစ်ခုလုံး ဝမ်းလျှောလိုက်ကြသည်မှာ ဝက်ဝက်ကွဲ။
ဒုတိယအကြိမ်တွင်လည်း ညီလာခံကျင်းပနေစဥ် စိတ်ကြည်လင်ပြီး တိုင်းရေးပြည်ရေးဆွေးနွေးရာတွင် အထောက်အကူဖြစ်စေရန်ဟုဆို၍ ဆေးနံ့သာပေါင်းအမွှေးအိုး ယူလာပေးသည်။ သို့သော် ဆေးနံ့သာမှုန့်ထုပ်နှင့် တော်ဝင်သမားတော်ကြီးဆေးဖော်ရန်ပြင်ထားသည့် ခွေးလှေးယားသီးမှုန့်ထုပ်ကို လွဲယူလာသဖြင့် ကျော်မကောင်းကြားမကောင်းကိစ္စများ ဖြစ်ခဲ့သည်ကလည်း သုံးလပင်မပြည့်ချင်သေး။
ယခုလည်း ကောင်းသောလာခြင်းမဖြစ်နိုင်ဟု အားလုံးမျက်ခုံးလှုပ်နေစဥ်မှာပင် အရှုပ်ထုပ်လေးက သစ်သားစည်ကြီးများသယ်လာသည့် နောက်လိုက်နောက်ပါအယောက်နှစ်ဆယ်ခန့်နှင့်အတူ ညီလာခံခန်းမဆောင်ထဲသို့ တက်တက်ကြွကြွ ဝင်လာနေပြီဖြစ်သည်။
"ဧကရာဇ်ကို ဂါရဝပြုပါတယ်"
"ထပါ ကလေး .. အဟမ်း မင်းသားလေး ဘာကိစ္စများရှိလို့လဲ"
"ဟိုတစ်ခါ ကျွန်တော်မျိုးရဲ့နန်းဆောင်မီးလန့်တုန်းက ဒီညီလာခံကလူတွေလည်း လာပြီးငြှိမ်းကူကြတယ်လို့ကြားပါတယ်။ အဲဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်လေးတွေပေးချင်လို့ပါဘုရား"