🤚Chapter 24
တစ်ယောက်တစ်ချက်စီကန်ပြီးသည့်နောက် ထိုလူနှစ်ယောက်က မတ်တပ်ရပ်ရန် ခွန်အားမရှိတော့ချေ။ ယနေ့ညတွင် ဝမ်ယွီက သူ့ရဲ့ ထူးဆန်းနေတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ပစ်နိုင်သည့် နေရာတစ်ခုရသွားချေပြီ။
သူတို့ထဲကတစ်ယောက်က တိုးညှင်းစွာ အကူအညီတောင်းနေသည်မှာ ရယ်မောချင်စရာပင်။ ဤလမ်းက ကျောင်းသို့သွားရာလမ်းကြားဖြစ်ပြီး ယခုလိုအချိန်မျိုးတွင် မည်းမှောင်နေ အနီးအနားတွင်လည်း မည်သူမျှမရှိပေ။
ဝမ်ယွီက ထိုလူ၏လက်ပေါ် ခြေထောက်တင်ကာ ကြိတ်ချေလိုက်ရာ ထိုလူရဲ့ ဝက်တစ်ကောင်လို အော်ဟစ်သံကစူးခနဲထွက်လာ၏။
"အစ်ကိုကြီး..အစ်ကိုကြီး...ကျွန်တော့်ရဲ့ ပိုက်ဆံအိတ်က နောက်အိပ်ကတ်ထဲမှာပါ ...အဲ့ဒါကို ယူလိုက်ပါ ယူလိုက်ပါ..."
"ငါ့ပုံစံက ပိုက်ဆံလိုတဲ့ပုံပေါ်နေလို့လား..."
ဝမ်ယွီက တစ်ချက်ထပ်ပိတ်ကန်ကာ သူတို့ကို သတိပေးလိုက်သည်။
"ငါမင်းတို့ကို ကွမ်းမင်လမ်းထဲက ကော်ဖီဆိုင်မှာ ထပ်မြင်ခဲ့ရင် အခုလောက်နဲ့လွှတ်ပေးတော့မှာမဟုတ်ဘူး..."
"ကျွန်တော်တို့မလုပ်ရဲပါဘူး ကျွန်တော်တို့မလုပ်ရဲပါဘူး...အဲ့ဒီကိုဘယ်တော့မှ ထပ်မသွားတော့ပါဘူး.."
သူရဲဘောကြောင်သူနှစ်ယောက်လုံးက ရှိုက်ကြီးတငင်အော်ငိုနေကြသည်။
ဝမ်ယွီက သူတို့၏ဖုန်းကိုယူကာ ဓာတ်ပုံအယ်ဘမ်ကိုဖွင့်လိုက်သည်နှင့် သူတို့တိတ်တဆိတ်ရိုက်ထားသောဓါတ်ပုံအားလုံးကိုမြင်လိုက်ရသည်။ သူကတုံ့ဆိုင်းခြင်းမရှိ ပုံအားလုံးကိုဖြတ်ပစ်လိုက်ပြီး မြေပြင်ပေါ်ပစ်ပေါက်လိုက်ရာ သူတို့နှစ်ယောက်စလုံးရဲ့ဖုန်းမျက်နှာပြင်မှာလုံး၀ကျေမွသွားတော့၏။
ယနေ့က ကြက်ခိုးဖို့လည်းရှုံး ဆန်လည်းဆုံးရသော နေ့တစ်နေ့ပင်။သူတို့နှစ်ယောက်စလုံးက အခုချိန်မှာ အတော်လေးကို နောင်တရနေမိကြသည်။ သူတို့က အနက်ရောင် အရိပ်ရှည်ပုံသဏ္ဍန်ကို မော့ကြည့်ကာ ကျိအန်းနဉ်ကို နောက်ထပ် ထိပါးစော်ကားတာမျိုးမလုပ်တော့မည့်အကြောင်းကို ငိုကြီးချက်မဖြင့် ကတိပေးလိုက်ကြသည်။