🤚Chapter 27
ကျိအန်းနဉ် စာသင်ခန်းထဲ၀င်လာသည့်အခါ အခန်း၏လေထုက ထူးဆန်းနေသည်ကို အာရုံစိုက်မိသွားသည်။ လူအချို့က သူမကို အဓိပ္ပာယ်ပြည့်၀သည့်အကြည့်နှင့် ကြည့်နေကြပြီး အထူးသဖြင့် ယောက်ျားလေးများကစိတ်ပျက်နေသည့်ပုံပေါ်နေသည်။
ကျိအန်းနဉ် သူမခြေလှမ်းကို ရပ်လိုက်သည်။
သူမ ဤအကြည့်များကို ရင်းနှီးနေသည်။
သူမပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ မုန့်ရှင်းယွီက သူမကိုလက်ပြနေသည်အား တွေ့လိုက်ရသည်။ သူမလမ်းလျှောက်လာပြီး မေးလိုက်သည်။
"လူတိုင်း ဘာဖြစ်နေကြတာလဲ... တစ်ခုခုထူးဆန်းနေတယ်..."
မုန့်ရှင်းယွီက သူမအသံကိုနှိမ့်ပြီး ဒေါသထွက်စွာပြောလိုက်သည်။
"စွန်းယာရှန့်က နင့်မကောင်းကြောင်းတွေ ပြောထားတယ်..."
ဤအဖြေက ကျိအန်းနဉ်မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်။
သူမကိုတိုက်ခိုက်ရန် သိမ်မွေ့သည့်နိမိတ်အနေဖြင့် စွန်းယာရှန့်၏အသရေဖျက်ခြင်းက စတင်နေပြီဖြစ်သည်။
ယခုအချိန်၌ ညင်သာသည့် လေပြေလေညင်း၊ မိုးစက်အနည်းငယ်နှင့်အတူ အေးစက်မှုအချို့လည်းရှိနေသည်။ နောက်ပိုင်းတွင် ပိုဆိုးလာပြီး မိုးသည်းထန်စွာရွာကာ လျှပ်စီးများလျှပ်ပြီး မည်သည့်နေရာကိုမှ ပြေးပုန်း၍မရတော့ပေ။
မုန့်ရှင်းယွီက ဒေါသထွက်နေဆဲဖြစ်ပြီး ပြောပြနေသည်။
"ငါသူနှင့် ငြင်းနေခဲ့သေးတယ်... သူက အရမ်းလန့်ပြီးတော့ ထေ့ငေါ့နေတဲ့အမူအရာနဲ့ပြောနေတာ အရမ်းစိတ်တိုစရာကောင်းတာပဲ... နင် ဘာလို့ပြုံးနေတာလဲ..."
ကျိအန်းနဉ်၏ အကြည့်ကနူးညံ့သည်။ မုန့်ရှင်းယွီကြည့်လိုက်သည့်အခါ သူမကပြုံးနေသည်။
ဤအတန်း၏ခေါင်းဆောင်က အတန်းထဲတွင် ရိုးသားဖြောင့်မတ်ပြီး မှန်ရာကို အပြောတတ်ဆုံးဖြစ်သည်။
သူမယခင်ဘဝတွင် သူတို့တစ်ယောက်နှင့်မှ ရင်းရင်းနှီးနှီးမရှိခဲ့ဖူးဘဲ စကားအနည်းမျှသာ ဖလှယ်ရုံဖြစ်သည်။ သို့ရာတွင် အကြောင်းအရာက အရှိန်မြင့်လာပြီးအခြားသူများက ရိုင်းရိုင်းစိုင်းစိုင်းအရာများကို စတင်ပြောလာသည့်အခါ မုန့်ရှင်းယွီက ရှေ့ထွက်ပြီး သူမဘက်မှကာကွယ်ပြောပေးခဲ့သည်။