နော်သွေး ရုပ်ရှင်သာကြည့်နေရပေမယ့်စိတ်ကတော့ ရုပ်ရှင်ထဲမှာရှိမနေပါ။ရုပ်ရှင်ရုံထဲဝင်လာသောလူတိုင်းကိုလည်ပင်းတဆန့်ဆန့်နဲ့ကြည့်နေရတာအလုပ်တစ်လုပ်။စိတ်တို့ကလည်းရုတ်တရပ်သန့်စင်ခန်းဆိုပြီးထွက်သွားကာ ပြန်ရောက်မလာသောကောင်လေးဆီမှာသာ။နေများမကောင်းလို့များလား။အစကတော့အကောင်းကြီးပါ။
"ကို ဘာဖြစ်လို့လဲ!နေမကောင်းဘူးလား!"
ရတနာရုပ်ရှင်ကြည့်နေရင်းကနေ ဘေးမှသက်ပြင်းခဏခဏကြားနေရသည်မို့ကြည့်လိုက်မိတော့ ကိုပင်။အစကတော့ ရတနာလွှတ်ထားလိုက်ပေမယ့် ရုပ်ရှင်ထဲစိတ်မပါနေသူကြောင့်မေးလိုက်မိသည်။
"အော် ဘာမှမဖြစ်ပါဘူး!"
"နေမကောင်းဘူးလား.....နေမကောင်းရင်လည်းပြောနော် ရတနာတို့ပြန်ချင်ပြန်လို့ရပါတယ်"
"နေကောင်းပါတယ်ကွာ။ကိုယ့်ကောင်မလေးနဲ့တစ်ခါတစ်လေမှခုလိုDateရတာကို ကိုယ်ကဒီတိုင်းကြီးမပြန်ပါဘူးကွာ အေးဆေးကြည့်နော်"
နော်သွေး ချစ်သူကလေး၏လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်ကာပြောလိုက်မိတော့ ခေါင်းညိမ့်ကာရယ်ပြလာလေသည်။ထို့နောက်တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံနေမိသည်မှာအချိန်ခဏအကြာအထိ။
ရတနာ မိမိကိုကြည့်နေသောဗာဒံသီးပုံစံမျက်ဝန်းများကြားညှို့ငင်ခံထားရတဲ့လူတစ်ယောက်လိုပင်။ထို့အပြင် နှုတ်ခမ်းပါးပါးတွေ။ရတနာထိုနှုတ်ခမ်းပါးတွေဆီရဲတင်းစွာဘဲတိုးသွားလိုက်မိသည်။
"ဇာတ်လမ်းကဘယ်လိုဖြစ်သွားပြီလဲ!"
နှုတ်ခမ်းနှစ်ခုနီးကပ်ခါနီးမှာဘဲ တစ်ဖက်ကိုလှည့်သွားသူကြောင့် ရတနာနည်းနည်းတော့အောင့်သက်သက်ဖြစ်သွားရသည်။
"မင်းသားကထွက်သွားဖို့ပြင်နေတဲ့အခန်းရောက်နေပြီ"
ရတနာလည်းပြန်ဖြေလိုက်ပြီး ရုပ်ရှင်ကိုသာပြန်အာရုံစိုက်လိုက်ရသည်။ရှေ့ဆက်တိုးရင်ကြားနေကျစကားဖြစ်တဲ့ တရားဝင်လက်မထပ်ရသေးခင်ထိတော့ ဖြူစင်မြတ်နိုးမှုနဲ့ဘဲချစ်ကြရအောင်ဆိုသည့်စကားကိုပင်ကြားရလိမ့်မည်။