၁၇၃၇ ခုနှစ်၊ မတ်လ။ အင်းဝမှ ကြွချီလာသော မင်းဆွေမင်းမျိုး မိဖုရား၊ မင်းသမီးတို့၏ လှည်းယာဥ်တန်းကြီးသည် ဘုရင့်တပ်မှ ကိုယ်ရံတော်တပ်များ ဝန်းရံလျက် ဟံသာဝတီမြို့တွင်းသို့ နေ့ခင်းချိန်၌ ဝင်ရောက်လာခဲ့လေသည်။ ဟံသာဝတီမြို့ဝန်မှာ ရွှေထီးဆောင်းကာ အိုးစည်၊ ဝါးလက်ခုပ်၊ အကအခုန်တို့ဖြင့် ဆူးညှာတို့ကို တခမ်းတနားကြိုဆိုသဖြင့် တအံ့တဩဖြစ်ရသေးသည်။ ဟံသာဝတီမြို့ထဲ၌ ရဲမက်များ လက်ညိုးထိုးမလွဲ ခြေရှုပ်နေသည်မှာလည်း ဆူးညှာစိတ်ကို စနိုးစနောင့်ဖြစ်နေစေသည်။ ရဲမက်များပြားနေခြင်းမှာ ဆူးညှာတို့ ရောက်လာ၍ ကာကွယ်ရန်လား ခြိမ်းခြောက်ရန်လားဟုပင် ဆူးညှာမတွေးတတ်ဖြစ်နေသည်။
ဆူးညှာ တင်းတိမ်စကို အသာလှပ်၍ နောက်မှ အတူလိုက်ပါလာသည့် ယောမိဖုရား၏မြင်းရထားကို စိတ်မချစွာ လှည့်ကြည့်လိုက်သည်။ ဟံသာဝတီပြည်သူတို့မှာ ယောမိဖုရားကို မော်ဖူးချင်၍ နေပူပူထဲ လမ်းမရှေ့ထွက်ကာ စောင့်ကြိုနေကြသည်။ ထိုကြောင့် လမ်းမပေါ် လူများ တိုးဝေ့နေ၏။
မြင်းရထားမှာ ဟံသာဝတီမြို့ဝန် စီစဥ်ထားရာ ခြံဝန်းတစ်ခုအတွင်း ရပ်သွားသည်။ ဆူးညှာ မြင်းရထားပေါ်မှ ဆင်းတော့ ထီးတော်မိုးမှာ အဆင်သင့်စောင့်နေ၏။ ဟံသာဝတီမြို့ဝန်က အခြားအရာရှိများနှင့်အတူ နန်းအဆောင်အယောင်များသုံးကာ ထွက်ကြိုနေသည်။
ဆူးညှာ ယောမိဖုရား၏မြင်းရထားကို ကြည့်လိုက်တော့ ဖြူဝင်းသော ခြေထောက်မှာ ဦးစွာ တစ်လှမ်းချင်းဆင်းလာကြောင်း မြင်လိုက်ရသည်။ ယောမိဖုရား၏ အဆင်တန်ဆာများ ဆင်မြန်းထားပြီး ယောမိဖုရားကဲ့သို့ မျက်နှာတစ်ဝက်ကို ပဝါပါးလေးအုပ်ထားသည်။ ဤမိန်းမသည် အလွန်တရာချောမောလှပသောမိန်းမတစ်ဦးဟု အသားအရေ၊ ခန္ဓာဖွဲ့စည်းပုံ အသွေးအမွှေးများ မြင်ရုံဖြင့် သိနိုင်သည်။ သာမန်အရပ်သူထက် သာလွန်ထူးကဲမြင့်မြတ်သော မဟာအနွယ်ဟု လူတိုင်းယုံကြပေမည်။ မည်သူမှ သံသယဝင်ကြမည်မဟုတ်။ သို့သော် ဤမိန်းမသည် ယောမိဖုရားအစစ်မဟုတ်ဘဲ မိဖုရားနေရာ၌ အယောင်ဆောင်ထားသော ကုန်သည်မလေးအဋ္ဌာရူပဖြစ်လေသည်။ ဗာဒံသီးသဏ္ဌန်မျက်ဝန်းတို့ဖြင့် ဆူးညှာကို ငေးကြည့်နေပုံမှာ အရောင်တို့ တလက်လက်ထနေ၏။ အဋ္ဌာရူပက အလွန်သတိထား၍ ဆူးညှာဆီသို့ ညင်ညင်သာသာ လျှောက်လာသည်။ အရှင်သခင်မဟူသည့် ရာဇဣန္ဒြေတော်တို့မှာ အမူအရာ၌ ပြသထားသဖြင့် ဆူးညှာပြုံး၍ တော်တယ်ဟု တိုးညှင်းစွာ ချီးကျူးလိုက်သည်။
YOU ARE READING
Dr. Princess/ကမ္ဘာကုန်ကျယ်သရွေ့တည်စေသော်