🤚Chapter 35အန်းနဉ်က မနက်တွင် ဝမ်ယွီနှင့် လေ့ကျင့်ရေးဆင်းရကာ နေ့ခင်းမှ ညမိုးချုပ်သည်အထိ အလုပ်ဆင်းနေရခြင်းကြောင့် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေခဲ့သည်။
မနက်ဖြန် ဝမ်ယွီနှင့် လေ့ကျင့်ရေးဆက်ဆင်းရန် အစီအစဉ်များက ရှိနေသေးသည်။
ကံကောင်းထောက်မစွာနှင့် ဝမ်ယွီက သူမကို ဖုန်းခေါ်လာခဲ့သည်။
“ဒီရက်ပိုင်း ကိုယ်အရေးတကြီး သွားစရာရှိတယ်… တကယ်လို့ လေ့ကျင့်ရေးကွင်းကို သုံးချင်ရင် ချန်းဟောင်ကိုရှာလိုက်နော်… သူ ဒီအားလပ်ရက် အိမ်ပြန်ဖြစ်မှာမဟုတ်ဘူးလို့ ပြောတယ်… ကျောင်းမှာပဲ ရှိနေလိမ့်မယ်…”
အန်းနဉ် စိတ်သက်သာရာရသွားသည်။
“ကျွန်မ သိပါပြီ…”
ထိုစကားများပြောပြီးနောက် ဝမ်ယွီက နောင်တရစပြုလာသည်။
“ဒါမှမဟုတ် ကိုယ်ပြန်လာတာကို စောင့်လေ… ဒီရက်အတွင်း မင်းနဲ့ ကိုက်မယ့် နည်းစနစ်ကို ကိုယ်စဉ်းစားနိုင်မှာပါ…”
သူမ၏ သင်ယူလိုစိတ်နှင့် ပတ်သတ်ပြီး စိတ်ပူနေပုံပင်။ အနည်းဆုံး လက်ရှိအခြေအနေကို သူ့ကိုယ်ကျိုးအတွက် အခွင့်ကောင်းမယူလောက်ဟု တွေးလိုက်သည်။
တဖြည်းဖြည်းနှင့် သူ့အပေါ်သတိထားမှုများ လျော့လာသည်ကို သူမသတိမထားမိခဲ့ချေ။ ဝမ်ယွီက လူသတ်ခြင်း၊ မီးရှို့ခြင်းစသည့် ရက်စက်ကြမ်းကြုတ်သည့် အရာမျိုးကိုသာ မကျူးလွန်သရွေ့ သူမဘဝတလျှောက်လုံး သူ့ကို လူကောင်းဟု သတ်မှတ်မည်ဖြစ်သည်။
သူမက “အင်း” ဟု တိုးတိုးလေး တုံ့ပြန်လာသည်။
“ဒါဆို ရှင်ပြန်လာတာကို စောင့်နေမယ်…”
အေးစက်စက်နိုင်သည့် အလှလေးက မဖြစ်စဖူး နူးညံ့လာသဖြင့် ဝမ်ယွီမှာ ကြက်သီးမွှေးညှင်းထလာပြီး ရေနွေးနွေးထဲ စိမ်ထားသည့် ခန္ဓာကိုယ်ကပါ တုံ့ပြန်လာသည်။
ဝမ်ယွီက ဤဘ၀တွင် မည်သည့်အရာများ ပြောင်းလဲသွားပါစေ သူ၏ လူယုတ်မာဆန်သည့် သဘောသဘာဝက ပြောင်းလဲလာမည် မဟုတ်ချေ။