It's Game Day

407 33 9
                                    

' ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသားများ သတ်မှတ်ထားသောနေရာများမှာ စုဝေးပေးကြပါ '

ကိုယ်ဦးတည်နေတဲ့ အဆောက်အဦထဲကနေ မိုက်တပ်ပြီးအော်နေတဲ့အသံကြားလိုက်မှပဲ ကိုယ်ဦးတည်လာတာ မှန်ကန်တဲ့နေရာဖြစ်​ကြောင်း အတည်ပြုပြီးသားဖြစ်သွားတော့သည်။ တစ်လမ်းလုံးစမ်းတဝါးဝါးနဲ့ဟန်ကိုယ့်ဖို့ပြီးလျှောက်လာရတာမို့ တိတိကျကျသိလိုက်ရမှ ခြေလှမ်းတွေက ပိုသွက်လာခဲ့သည်။

ဒီနေ့ဂျယ်ဘယ် တက္ကသိုလ်ရဲ့အားကစားပြိုင်ပွဲကို ဘတ်စကတ်ဘောလေ့ကျင့်ကွင်းထဲမှာကျင်းပပြုလုပ်နေတာဖြစ်သည်။

ဂျယ်ဘယ်တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေရဲ့အားကစားစွမ်းရည်တွေကိုလေ့ကျင့်ပေးရာမှာ အခြားသောတက္ကသိုလ်များထက်သာလွန်ပြီး ကျောင်းတွင်းပြိုင်ပွဲများကိုလည်း စနစ်တကျပြုလုပ်လေ့ရှိသည်။ နည်းပြဆရာအများစုသည်လည်း နိုင်ငံလက်ရွေးစင်ကစားသမားဟောင်းများဖြစ်တာကြောင့် ဒီနေ့လိုပွဲမျိုးဆိုလျှင် အပြင်ကနေတကူးတက လက်မှတ်ဝယ်ပြီးလာကြည့်သူများလည်းအလွန်များပြားလှသည်။ မိမိအားပေးတဲ့သူကို ဆိုင်းဘုတ်ထောင်ပြီးအားပေးတဲ့ ဓလေ့ထုံးစံလေးလည်းရှိသည်။ ပြိုင်ပွဲထဲမှာ ကိုယ်အားပေးတဲ့သူနဲ့ တခြားသူနဲ့မရောစေရန် ကိုယ်စားပြုအရောင်လေးတွေပါသတ်မှတ်ထားတတ်ကြသည်။ ဒါပေမယ့်အဲ့လိုသတ်မှတ်မှုတွေကကျောင်းရဲ့ ဒိတ်ဒိတ်ကြဲ ပြိုင်ပွဲဝင်တွေဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမျိုးမှာပဲတွေ့ရတတ်တာမျိုးပင်၊ ဒီနေ့ကျောင်းပေါက်ကနေဝင်လာတဲ့လမ်းတစ်လျှောက် ဆိုင်းဘုတ်အရောင်နှစ်မျိုးလောက်ကို ခဏခဏတွေ့နေရတတ်သည်။ တကယ်ကိုနာမည်ကြီးတဲ့သူတွေပါပြီဆိုတာ အဲ့ကတည်းကတွက်ဆထားခဲ့မိလိုက်ပါသည်။

ဒီနေ့ကျွန်တော်ကရော ကျွန်တော်နဲ့မသက်ဆိုင်တဲ့နေရာတစ်ခုကို ဘာလို့ရောက်လာလဲဆိုတော့ ညီဖြစ်သူကဘတ်စကတ်ဘော ပြိုင်ပွဲဝင်လေ။ ဒီနေ့သူတို့နဲ့ စီနီယာတန်းကအဖွဲ့တစ်ခုနဲ့ ယှဉ်ပြိုင်ရမှာမို့ အလုပ်ရှင်သူဌေးဆီကနေ ခွင့်တောင်းပြီးထွက်လာခဲ့လိုက်တာ။

ကွင်းထဲကအားပေးသူနေရာရောက်တော့ ကွင်းတစ်ခုလုံးအပြည့်နီးပါးပါပဲ။ ကိုယ်အားပေးတဲ့သူရဲ့နာမည်ကိုပြိုင်တူရွတ်နေသံတွေကြောင့် ပွဲမစခင်ကပဲ ပြိုင်ကွင်းကြီးက အလွန်ကိုမှသက်ဝင်လှုပ်ရှားနေပါပြီ။ ဘေးဘီကိုဝေ့ကြည့်လိုက်တော့ အားလုံးကအမည်းရှပ်အင်္ကျီတွေဆင်တူဝတ်ဆင်ထားပြီး ရင်ဘတ်မှာ အင်္ဂလိပ်အက္ခရာ ' R 'ဆိုတဲ့စာလုံးလေး ရိုက်ထားကြပါသေးသည်။သေချာပါပြီ ကျွန်တော်ကအဲ့ဒီဆင်တူဝတ်စုံဝတ်ထားတဲ့လူအုပ်ကြီးရဲ့ အလယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပါပဲ။
ဒီနေ့မှပဲတိုက်တိုက်ဆိုင်ဆိုင် အဖြူဝတ်လာမိသည်။ အောက်ကနေလှမ်းကြည့်လိုက်ရင် ကိုယ်တစ်ယောက်တည်း ထီးထီးကြီးပေါ်နေမည့်အဖြစ်ကိုတွေးမိပြီး နေရာရွေ့ဖို့ဆုံးဖြတ်လိုက်သည်။ ထိုအချိန်မှာပဲ ပြိုင်ပွဲဝင်ကျောင်းသားတွေဝင်လာတာကြောင့် အုတ်အုတ်ကျက်ကျက်ဖြစ်လာတာနဲ့ နေရာပြောင်းဖို့အစီအစဉ်ကိုလက်လျှော့လိုက်ရသည်။

Who fell first?Where stories live. Discover now