"ယူအူရှီ ရှီ !!! ယူအူရှီ ထွက်လာပြီး ဖြေပေးပါဦး။ ယူအူရှီ!!"
အူရှီက ခြံအပြင်ဘက်မှ ဆူညံတွေကြောင့် မျက်လုံးတွေကိုသာ ပိတ်ထားမိသည်။ သတင်းထောက်တွေဟာ သူ့အိမ်ရှေ့မယ် လစ်လပ်သွားခြင်းမရှိဘဲ ပွက်လောရိုက်နေသည်မှာ မနေ့ကပင် စသည်။
သူငယ်ချင်းတွေနဲ့ တစ်ဝိုင်းထိုင်လိုက်ရာမှ ဆေးလိပ်သောက်နေသည့်ပုံသည် တစ်နိုင်ငံလုံးဆီ ပျံ့နှံ့သွားသောကြောင့်ပင်။
သူငယ်ချင်းတွေကတော့ သာမာန်လူတွေမို့ ဘာမှမဖြစ်ပေမယ့် အနုပညာသက်တမ်း၃နှစ်သာရှိသေးသည့် သူ့အတွက်တော့ ဒီသတင်းဟာ ပုံရိပ်ဆိုးကိုဖြစ်စေခဲ့သည်။
ကုမ္ပဏီကိုယ်တိုင်က သူ့ကို ကောင်းကင်က ဆင်းသက်လာတဲ့ဖြူစင်ရိုးသားတဲ့ နတ်သားလေး ပုံရိပ်ကို ဖန်တီးပေးထားတာမို့ ဆေးလိပ်ကို လက်ကြားညှပ်ကာ အငွေ့မှုတ်ထုတ်နေတဲ့ ယူအူရှီရဲ့ပုံစံက ပရိသတ်သာမက ပြည်သူတွေကိုပါ ထိတ်လန့်စေခဲ့သည်လေ။
"ရှီးး !!!! လက်ရေးနဲ့ တောင်းပန်စာတင်ထားတောင်..."
မန်နေဂျာရဲ့ မချိတင်ကဲရေရွတ်သံကြောင့် ယူအူရှီမှာ ပိုပင်အားနာသွားရသည်။
"တောင်းပန်ပါတယ် Hyung ။ ကျွန်တော်သတိထားလိုက်ရမှာ။"
"မဟုတ်တာပဲ၊ ဒီရက်ပိုင်းထဲ နားတောင်မနားဘဲ အလုပ်လုပ်နေရတာ။ မင်းလည်း မွန်းကြပ်မှာပေါ့"
ယူအူရှီက ဆိုဖာပေါ်သာ လှဲချလိုက်တော့သည်။ တကယ်ပဲ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေခဲ့ပြီး တိုက်ဆိုင်စွာ ဂျပန်မှ ငယ်သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ခဲ့တာမို့ တစ်ခွက်တစ်ဖလားမော့ရင်း stress ဖြေခဲ့မိရုံတင်။
"ဟယ်လို၊ ဟုတ်ကဲ့ ယူအူရှီ အိမ်မှာရှိနေပါတယ်။ ....ဟုတ်ကဲ့ သိပါပြီခင်ဗျ။"
မန်နေဂျာက သက်ပြင်းရှည်ကြီးဖြင့် ဖုန်းချလိုက်ပြီးနောက် ယူအူရှီရဲ့ ခြေထောက်ကို လှမ်းပုတ်ကာ
"ကုမ္ပဏီက အကြောင်းကြားလာတယ်။ ယူအူရှီ့ကို နားရက်ပေးလိုက်ပါတဲ့။ လတ်တလော ရိုက်ကူးရေးတွေ ရပ်ထားပြီးတော့ အခြေအနေတွေ ငြိမ်သွားမှ ပြန်စကြမယ်တဲ့"