ယူအူရှီက အကျင့်ဖြစ်နေကျမလို့ စောစီးစွာပင်နိုးလာသည်။မန်နေဂျာက သူ့ပစ္စည်း၊အဝတ်တွေ သေချာလုပ်ပေးထားတာမို့ အထူးတလည် စီရီစရာမလိုတော့။
ရေမိုးချိုး၊အဝတ်အစားလဲပြီးနောက် မှန်ရှေ့မှာ အချိန်အတော်ကြာရပ်နေမိသည်။
ဆိုးထားတဲ့ဆံပင်အရောင်တွေလည်း ကျွတ်နေပြီမို့ ဆံပင်အမဲတွေပေါ်နေပြီ ဖြစ်သည်။မျက်တွင်းညိုတွေက သူဘယ်လောက်တောင် အိပ်ရေးပျက်ခဲ့ကြောင်း သက်သေခံနေသည်။
ဒီရွာလေးမှာတော့ သူဟာ အူရှီအနေဖြင့် အသစ်တစ်ဖန်ပြန်လည်စတင်ချင်ပါသေးသည်။
ယူအူရှီက ခြံဝန်းလေးထဲ ထွက်လာကာ ပန်းပင်၊ ပန်းအိုးလေးတွေကို ပတ်ကြည့်လိုက်သည်။ ဆိုးလ်မှာတုန်းက တိုက်ခန်းနဲ့နေရတာမို့ အပင်လေးတွေကို မစိုက်ထားနိုင်ခဲ့။ ထို့အပြင် ရေလောင်း ပြုစုဖို့အချိန်လည်းမရှိတာမို့ လက်ဆောင်ရဖူးတဲ့ ပန်းပင်လေးတောင် သေသွားဖူးသည်။
ယူအူရှီက နှင်းဆီပန်းပွင့်နီလေးကို ကိုင်ကြည့်နေတုန်းမှာပင် ကြောင်လေးတစ်ကောင်က သူ့ခြံလေးထဲ ဝင်လာသည်။
"ဟေ့ မီ~မီ"
ကြောင်လေးက သူ့လက်ဆီ တိုးဝှေ့လာကာ ခေါင်းလေးကို ပွတ်သပ်စေသည်။
တိရစ္ဆာန်လေးတွေကို ချစ်တတ်သူမို့ အူရှီ့မှာ အသဲပင်အတော်ယားသွားရသည်။"ကလေးလေး အိမ်ကထွက်ပြေးလာတာလား ကိုကို့လိုလေ။"
အူရှီက ဗိုက်လေးကို ပွတ်ပေးလိုက်တော့ ကြောင်လေးက ပက်လက်လှန်ကာ ဇိမ်ခံပေသည်။
"အိန်ဂျယ် !!!! ဒီရောက်နေတာပဲ ကြည့်စမ်း"
ခြံဝမှာ အမောတကောနဲ့ ရပ်နေသူက အိုရှီအွန်းပင်။
အူရှီက မတ်တပ်ထရပ်လိုက်ပြီး ခြံတံခါးကို ဆွဲဖွင့်လိုက်သည်။"Hyungရဲ့ ကြောင်လေးလား"
"ဟုတ်ပ ပျောက်သွားလို့ လိုက်ရှာလိုက်ရတာ"
အိုရှီအွန်းက ကြောင်လေးကို ကောက်ချီဖို့လုပ်တဲ့အခါ ကြောင်လေးက အချီမခံဘဲ ယူအူရှီ့ခြေထောက်ကြားထဲ တိုးဝှေ့တော့သည်။