သိပ်မကြာခင်မှာ အူရှီရဲ့မွေးနေ့ရောက်တော့မှာမို့ မွေးနေ့လက်ဆောင်ပေးရန်အတွက် ရှာကြံနေသည်မှာ အတော်ကြာပြီဖြစ်သည်။
အူရှီလက်ခံဖို့အတွက်လည်း သိပ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေမယ့်ဟာမျိုးပေါ့။
ပထမဆုံးအတူတူဖြတ်သန်းရမယ့် မွေးနေ့လေးမို့လည်း အူရှီအတွက် အမှတ်တရလေးလည်းဖြစ်စေချင်သည်။
အူရှီကြုံလာတဲ့ မွေးနေ့တွေထဲ အပျော်ရွှင်ဆုံးမွေးနေ့လေး ဖြစ်စေချင်သည်။ရှီအွန်းက လိမ္မော်သီးခြံထဲမှ ဦးလေးဘတ်ဆီကို ချဉ်းကပ်သွားလိုက်သည်။
"ဦးလေးဘတ်"
"အေး သား"
"ဟိုဟာလေ... ဟို"
"ပြောလေ သား၊ ဘာလဲ ဦးလေး လုပ်တာ မှားနေလို့လား"
"မဟုတ်ဘူး ဦးလေး၊ သိချင်တာရှိလို့"
ရှီအွန်းက နှုတ်ခမ်းကို ဖိကိုက်ရင်း
"ဟို ရှိတယ်လေ၊ မွေးနေ့လက်ဆောင်ပေးဖို့လေ ဘာပေးရင်ကောင်းမလဲ။"
"ဒါများ ငါ့သားရယ်၊ လူကို ရင်ထိတ်အောင်၊ ဘယ်သူပေးမှာလဲ သူငယ်ချင်းလား၊ မိန်းကလေးဆိုရင်တော့ ဆွဲကြိုးတို့ ဟန်းချိန်းတို့ ပေးလို့ရတယ်လေ။"
"အင်း.. ယောကျာ်းလေးဆိုရင်ရော"
"လက်ပတ်နာရီ၊ ဖိနပ်၊ ခါးပတ် ဒါတွေ ပေးလို့ရတာပေါ့။"
"ဪ ဟုတ်သားပဲ။ ကျေးဇူးနော် ဦးလေးဘတ်။"
ရှီအွန်းက လိမ္မော်ခြံထဲကနေ အိမ်ထဲပြေးသွားလိုက်သည်။ နောက် လက်တောပ့်ကို ဖွင့်လို့ နာမည်ကြီးဘရန်းရဲ့ website ထဲ ဝင်ကာ နာရီလှလှလေးတွေကို ဝင်ကြည့်လိုက်သည်။
"အင်း အူရှီရဲ့ လက်ကောက်ဝတ်လေးက သေးသေးလေးကို နာရီနဲ့ဆို အဆင်မပြေလောက်ဘူး။ ဟန်းချိန်းလေးရော။"
ရှီအွန်းက onlineမှာ မွှေနှောက်ရှာပြီးနောက် ကုတင်ပေါ်ပစ်လှဲလိုက်တော့သည်။ သူ သဘောကျတာ ဘာမှမတွေ့ပါ။
"ဘာလုပ်ရပါ့မလဲ။"
ကြံရာမရတဲ့အဆုံး နာဘီ့ဆီပဲ ဖုန်းဆက်ရတော့သည်။