နွေအကုန် မိုးအကူးကာလလေးတစ်ခုတွင်ဖြစ်သည်။ ရာသီဥတုလေးက မှုန်မှုန်မှိုင်းမှိုင်း လေပြေလေညှင်းများကလည်း ငြိမ့်ငြောင်းသာယာစွာတိုက်ခတ်နေလေရဲ့။ ဒီလိုရာသီဥတုမျိုးလေးကို သဘောကျမိပေမယ့် မိုးရွာလျှင်တော့စိုစွတ်နေသောခံစားချက်ကြီးကိုမုန်းလှသည်။ ဒါ့အပြင် သွားရလာရမလွယ်ကူသော ရာသီဥတုလည်းတစ်ဖြစ် ရွှံ့ဗွက်များထဲတွင် သွားလာရခြင်းကိုလည်းမနှစ်သက်ပါ။ ဒါတွေကြောင့် မိုးရာသီကိုမကြိုက်ဘူးလားဆိုလျှင်တော့လည်း မဟုတ်ပါ။ ကြိုက်ပါသည်။ မိုးရာသီတွင် ရွာသွန်းနေသောမိုးစက်များအား ထိုင်ကြည့်နေရခြင်းကို အလွန်နှစ်သက်သည်။ ဒါ့အပြင် ရာသီအေးအေးလေးတွင် မိုးစက်များအားကြည့်၍ သီချင်းနားထောင်ပြီး ဆွေးနေရခြင်းကိုလည်းနှစ်သက်လှပါသည်။ စာအုပ်တော့မဖတ်ချင်ပါ။
“ဂမုန်းရိပ်သျှင်” သည် ယခုလိုလူစားမျိုးဖြစ်သည်။ လူအများစုသည် မိုးအေးအေးတွင် စာအုပ်လေးများထိုင်ဖတ်ရခြင်းကိုသဘောကျကြသည်။ သူကတော့မဟုတ်ပါ။ သူသည်စာဖတ်ပျင်းသူလေးသာဖြစ်သည်။ ကျောင်းစာတောင် အတင်းဖတ်ခိုင်းမှသာဖတ်သည်။ ဆိုးသည် ၊ ပျင်းသည် ၊ ရိုးသားသည် ၊ ခံစားလွယ်သောနှလုံးသားတစ်စုံရှိသည်။ “ဂမုန်းရိပ်သျှင်” သည် ထိုသို့သော လူတစ်ဦးသာဖြစ်ပေသည်။
အမိုးအကာတစ်ခုအောက်တွင် ဖြူလွှသေးသွယ်သော လက်ကလေးတစ်စုံသည် ကောင်းကင်မှကျလာသော မိုးစက်မိုးမှုန်လေးများအား တောင်းခံနေသယောင် ဆော့ကစားနေသည်။ ထိုလက်တစ်စုံ၏ပိုင်ရှင်မှာ အခြားသူမဟုတ် မိုးရာသီကိုအလွန်ချစ်မြတ်နိုးသော ဒေါ် “မိုးဧကရီလှိုင်” ပင်ဖြစ်သည်။ အသက်ပင်မငယ်တော့သော်ငြား အရွယ်နှင့်မမျှ နုပျိုသည် ၊ စူးရှတောက်ပသော မျက်ဝန်းတစ်စုံကိုလည်းပိုင်ဆိုင်ထားသည် ၊ ထက်မြတ်သည် ၊ အတ္တကြီးသည် ၊ လူတိုင်းကိုမယုံ ၊ နားလည်ရခက်ပြီး မာကျောသယောင်နှင့် တစ်ကယ်တမ်းနူးညံ့သော နှလုံးသားတစ်စုံ၏ ပိုင်ရှင်ဖြစ်လေသည်။ တစ်နည်းအားဖြင့် ခံစားချက်များကိုမြိုသိပ်ထားနိုင်သော ဟန်ဆောင်ကောင်းသူတစ်ယောက်ဖြစ်သည်။

YOU ARE READING
အချစ်မည်သည် လေဒီသာဖြစ်ကြောင်း
Romanceနှလုံးသားနှစ်စုံဟာ ထပ်တူကျနေပါလျက်နဲ့ တစ်ဦးကဝန်မခံသောအခါ ထိုလူသားနှစ်ဦးသည် ဝင်္ကပါထဲတွင် လမ်းပျောက်နေသကဲ့သို့ ဖြစ်ရသည် အချစ်မရှိသောဘဝသည် ပျော်ရွှင်စရာမကောင်းသကဲ့သို့ အချစ်ရှိသောဘဝသည်လည်း ပူဆွေးမှုများကြုံရသည် အချစ်သည်ဘဝကြီးမဟုတ်ပါသော်လည်း ဒေါ် "မို...