part-39(zawgyi)

74 1 0
                                    

ရေစက်သံတဖြောက်ဖြောက်ကြောင့် အိပ်ပျော်နေရာမှနိုးလာခဲ့သည်။မိုးများယိုနေသလားဆိုသည့်စိတ်နှင့် ကုတင်ပေါ်မှဆင်းလိုက်တော့ ဝတ်စုံအပြည့်ဖြစ်နေပုံအရ ညကမောင်သန့်ရှင်းပေးခဲ့ပြီး ဝတ်ထားပေးပုံပင်။မောင်ကတော့ ကုတင်ပေါ်မှာအိပ်မောကျလို့။ နံရံ၌အက်ကွဲကြောင်းတစ်ခုရှိနေပြီး ထိုထဲမှအပြာရောင်အလင်းတန်းတို့ထွက်ပေါ်နေ၏။လိုင်းထိုနေရာသို့လျှောက်သွားလိုက်ကာ

"ဒီနေရာမှာ ဘယ်တုန်းကအက်ကွဲကြောင်း ဖြစ်နေတာပါလိမ့်"

တစ်ယောက်တည်း ခပ်တိုးတိုးရေရွတ်မိရင်း အက်ကွဲကြောင်းလေးအား လက်ဖြင့်တို့ထိလိုက်သည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးသွားရပြီး အလင်းရောင်တွေကလည်း ပို၍စူးရှလာသဖြင့် မျက်လုံးတွေကိုမှိတ်ချပစ်လိုက်သည်။မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တော့ တိတ်ဆိတ်နေသည့် နေရာတစ်ခု၌ ရောက်ရှိနေ၏။

လိုင်းရောက်ရှိနေသည့်နေရာက တိမ်တိုက်များကဲ့သို့ဖြစ်နေသည့် အခိုးအငွေ့တွေ ပြည့်နှက်နေသည့်နေရာတစ်ခု။တိမ်တိုက်တွေကြား ရောက်ရှိနေသည်ဟု ထင်ရသော်လည်း ခြေချထားမိသည့်နေရာသည် တည်ငြိမ်နေသည့် ရေပြင်ကျယ်ကြီးသာ။ရေပြင်ဆိုသော်ငြားလည်း နစ်ဝင်သွားခြင်းမရှိသလို အေးစက်နေခြင်းလည်းမရှိ။လိုင်း၏ခြေထောက်တွင် အိမ်စီးဖိနပ်အပါးတစ်ရံသာရှိနေသော်လည်း ရေဆိုသည့် အထိအတွေ့ကိုတော့ဖြင့် ခံစား၍ရနေသည်။

ပတ်ဝန်းကျင်တွင် မည်သူကမှရှိမနေကြသလို အသံဟူ၍ရေစက်ကျသံ တဖြောက်ဖြောက်ကိုသာကြားနေရ၏။ပတ်ပတ်လည်ကိုဝေ့ကြည့်လိုက်ပြီး လိုင်းရွေးချယ်လိုက်သည့်နေရာက အခိုးအငွေ့တွေလျော့နည်းနေသည့်နေရာ။ထိုနေရာတွင် စူးရှသည့်အလင်းရောင်အနည်းငယ်က ပေါ်ထွက်လာပြီး သူ့ကိုလက်ယက်ခေါ်နေသကဲ့သို့။ထိုလမ်းလေးအတိုင်း တစ်လှမ်းချင်းလျှောက်ကာသွားသည်။

သူနင်းလျှောက်လိုက်တိုင်း ရေပြင်ကလေး၌ လိုင်းကလေးများဖြစ်ပေါ်သွားရပြီး တဖြည်းဖြည်းပြန့်ကားသွားလေသည်။ထိုသို့လျှောက်လာလေ သူ့ရင်ကိုတစ်ခုခုက ဆုတ်ယူထားသည့်နှယ် ဖြစ်နေရကာ ခြေလှမ်းတွေကနှေးကွေးလာရသည်။

Love me vampireWhere stories live. Discover now