အပိုင်း တစ် - ရန်ပွဲလို့ထင်ရတဲ့ ရန်ပွဲမဟုတ်တဲ့တွေ့ဆုံခြင်း
"..."
"..."
"..."
"ဘယ်သူတောင်းစားက ငါ့လူကို ထိတာလဲ!"
ညနေ နေဝင်ရီတရောအချိန်၊ လူရှင်းလွန်းတဲ့ ကျောင်းအနောက်သစ်ပင်အောက်ကနေ ထွက်လာခဲ့တဲ့အသံ။ သေချာစူးစမ်းကြည့်မယ်ဆိုရင်တော့ ကျောင်းဝတ်စုံကို ဖြစ်သလိုဝတ်ပြီး လွယ်အိတ်ကို ပခုံးကနေ စလွယ်သိုင်းကာ မဖြီးသပ်ထားတဲ့ ဆံနွယ်တွေက နဖူးပြင်ထက် ကပိုကရိုဝဲကျနေတဲ့ ကောင်ငယ်လေးတစ်ယောက်ဟာ အဖွဲ့တစ်ခုနဲ့အတူ ရှိနေတာဖြစ်သည်။ အဖွဲ့ခေါင်းဆောင်ဖြစ်ပုံရပြီး မပါးမထူတဲ့နှုတ်ခမ်းပါးတွေက လှုပ်ရှားကာ ခံတွင်းထဲမှာတော့ ပီကေတစ်ခုကို စိတ်မပါလက်မပါဝါးနေသည်။
"မင်းလား!"
ကျောင်းဝတ်စုံတူဝတ်ထားတဲ့ကောင်လေးနှစ်ယောက်ကို အုပ်စုလိုက်ဝိုင်းထားရင်း မထီမဲ့မြင်ရမ်းကားတဲ့အကြည့်တွေနဲ့ ထိုကောင်လေးက မေးခွန်းထုတ်သည်။
"ငါမေးနေတယ်လေကွ"
ထပ်ပြီး ဟိန်းထွက်လာတဲ့အသံက ဘယ်သူ့ကိုမှ ထီမထင်တဲ့အသံဖြစ်ပြီး လကွေးကွေးသဏ္ဍာန်မျက်ဝန်းတွေရဲ့ အကြည့်တွေကတော့ စူးရှပြတ်သားသည်။
"တောင်း~~ ဆောရီး .. ဆောရီးပါ ... အစ်ကို့လူမှန်း မသိလို့ ... ဆောရီးပါ ... ဘာမှ မလုပ်ပါနဲ့"
ဝိုင်းဖွဲ့ထားတဲ့အုပ်စုက ခြောက်ယောက်လောက်ရှိပြီး အဝိုင်းခံလူကတော့ နှစ်ယောက်သာရှိသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်ဆီကနေ တောင်းပန်သံထွက်လာတာဖြစ်သည်။
"လွယ်လွယ်နဲ့ ပြီးမယ်ထင်နေလား! ဒီကျောင်းမှာ ငါရှိနေသရွေ့ မင်းတို့ကောင်တွေ လှုပ်လို့ရမယ် မထင်နဲ့ ..."
ခေါင်းငုံ့ကာ ကြောက်ဒူးတုန်နေတဲ့နှစ်ယောက်ကို ခေါင်းဆောင်လို့ထင်ရတဲ့ကောင်လေးက လက်ဖျားလေးနဲ့ ခေါင်းကို ဆတ်ဆတ်ပုတ်တော့ အရိုက်ခံရတဲ့ကောင်လေးနှစ်ယောက်က မော်တောင်မကြည့်ရဲ။