အပိုင်း ၀၂ - အစကတော့ စိတ်မဝင်စားပေမယ့် အခုတော့ ငါမင်းကို အနိုင်ကျင့်ချင်တယ်
"ဒီနေ့ အထူးစပရှယ်ပြင်ထားပေးတယ် Jimmy!"
"ကျေးဇူးပါဗျ"
Titicharoenrakရဲ့ အိမ်ကြီးထဲမှာ ထူးထူးဆန်းဆန်း လူစုံတက်စုံရှိနေသည်။ အထူးသဖြင့် ဂျမ်မီနိုင်းနိုရာဝစ်။
အကြောင်းရင်းကတော့ အိမ်ကြီးကို ဦးလေးဖြစ်သူ လေးလေး Jimmy Jitaraphol Potiwihok နဲ့ သူ့ချစ်သူ Sea Tawinan ရောက်တိုင်း နိုရာဝစ်က အိမ်မှာရှိပြီး မိသားစုလို့ ခေါင်းစဉ်တပ်ထားတဲ့ထမင်းဝိုင်းမှာ အတူတူရှိသည်။
ဒီနေ့ကတော့ လေးလေးရဲ့မွေးနေ့ဖြစ်တာကြောင့် နိုရာဝစ်တို့ အိမ်ကပ်နေရခြင်းဖြစ်ပါသည်။ အဖေနဲ့သာ ဆက်ဆံရေးအဆင်မပြေပေမယ့် အဖေကတော့ သေဆုံးသွားတဲ့ဇနီးသည်ရဲ့မိသားစုဝင်တွေကို မိသားစုသဖွယ်ဆက်ဆံနေတုန်းပင်။ ဒါကလည်း မီဒီယာရဲ့ဖော်ပြချက်ပေါ့။ သူက အဖေကို မုန်းသူမို့ လူကြားကောင်းအောင် ဟန်ဆောင်ပြတယ်လို့ပဲ သတ်မှတ်သည်။
အခုတော့ဖြင့် မိသားစုထမင်းဝိုင်းဆိုတဲ့နေရာမှာ အဖေရယ်၊ သူ့မိန်းမရယ်၊ သူ့ကလေးရယ် ရှိနေပြီး လေးလေးတို့အတွဲနဲ့အတူ သူက ထောင့်မှာ ဘာမှ ဂရုမစိုက်သလိုသာ ထိုင်ရင်း ထမင်းစားနေမိသည်။ လူကြီးတွေပြောတဲ့ကိစ္စလည်း အာရုံ မလာသလို ဂျမ်တရဲ့ ကပ်ချွဲချွဲ အသံကိုလည်း စိတ်မဝင်စား။ သူသိတာက ဒီထမင်းစားဝိုင်းပြီးရင် လေးလေးချစ်သူ ကိုကိုစီးထဝီနမ်နဲ့ စကားပြောဖို့သာ သူသိသည်။
"အေး ဒါနဲ့လေ ဂျမ်တ ... နက်ထဝပ်ကို သိလား သား"
ရုတ်တရက် အဖေဖြစ်သူဆီကနေ ဖို့ နာမည်ကို ကြားလိုက်ရတော့ သူ နားစွင့်သွားမိသည်။ အဲလူကြီးက ဘာဖြစ်လို့ ဖို့ကို သိနေရတာလဲ။ ဘာဖြစ်လို့ ဂျမ်တကို မေးရတာလဲ။
တကယ်ဆို ဟိုနေ့ပြီးကတည်းက ဖို့နဲ့သူ အရင်လို မခေါ်မပြောဆက်ဆံရေးဖြစ်သွားတာ ကြာပြီဖြစ်သည်။ ဂျမ်တလည်း သူတို့အတန်းဆီ ထပ်မလာတာမို့ သူ ဖို့ကို ပစ်မှတ်မထားမိ။ အခုတော့ဖြင့် ထမင်းစားဝိုင်းမှာ မသက်ဆိုင်တဲ့နာမည်ပိုင်ရှင်က ပါလာသည်မို့ သူနားကြီးကြီး စွင့်ထားလိုက်မိသည်။