(Unicode)
သင်္ကြန်ဖူးစာ
Part -3
တန်ခူး တစ်နေကုန်နားကာ ညဘက် ကိုကြီး ဂိုက်ချိန်ကျ အတန်းသွားတက်လိုက်သည်။ တစ်နေကုန်အိပ်ထားတယ်ရယ် မနေ့က ဆေးသွင်းထားတာရယ်ကြောင့် လူက လန်းလန်းဆန်းဆန်း ဖြစ်နေ၏။ ကိုကြီးအချိန်မို့ တန်ခူး ရှေ့ဆုံးတန်းမှာ ထိုင်နေလိုက်သည်။ ကိုကြီး အတန်းထဲ ဝင်လာတော့ တန်ခူးကို မြင်သည့်အခါ အံ့ဩသလို မျက်ခုံးတွေ မြင့်တက်သွားတော့သည်။ ကိုကြီးလက်က ပတ်တီးကြောင့် ဘာဖြစ်မှန်းမသိပေမယ့် ကိုကြီး နာကျင်မှာကိုတွေးကာ စိတ်မကောင်းဖြစ်မိပြန်သည်။
"ချာတိတ် နားပါဆို အတန်းတက်နေတယ်လား"
"တန်ခူး တစ်နေကုန်နားပီး အခုချိန်မှ တက်တာပါ ကိုကြီးရဲ့"
"အင်းပါ နေမကောင်းရင် ပြောနော် ပြန်လွှတ်ပေးမယ်"
"ဟုတ်ကဲ့"
အဲ့နေ့ကစ ကိုကြီးက တန်ခူးအပေါ် ပိုဂရုစိုက်လာသလို ခံစားလာရသည်။ စာနှင့် ပတ်သတ်လျှင်လဲ သေချာလေး ကြပ်မတ်ပေးကာ ဂရုစိုက်ပေးတာမို့ တန်ခူး စာတော်တော်လေး လိုက်လာနိုင်ကာ စာမေးပွဲဖြေဖို့ အဆင်သင့် ဖြစ်နေပီ ဖြစ်သည်။
တန်ခူးတို့ စာမေးပွဲရက်တွေမှာ စာသင်ချိန်တွေ အားလုံးနား၍ ဂိုက်ချိန်တွေသာ ရှိတော့သည်။ ညဘက် ဂိုက်ချိန်တွေကျ အိပ်ငိုက်တတ်သည့် တန်ခူးအတွက် ကိုကြီးဆီက အချဉ်ထုပ်ကလေးတွေနဲ့ အဆင်ပြေနေတော့၏။ ကိုကြီးက သူစားဖို့လား တန်ခူးအတွက်ပဲ တမင်ဝယ်လာလားမသိပေမယ့် ညဘက် သူ့အချိန်တွေတိုင်း အချဉ်ထုပ်ကလေးတွေ ပါလာတတ်ကာ တန်ခူးတင်မက အတန်းထဲက သူတွေပါ စားချင်တဲ့သူ ယူစားနိုင်သည်။
ကိုကြီးရဲ့ ဂရုတစိုက် သင်ကြားပေးမှုတွေကြောင့် တန်ခူး ဆယ်တန်းစာမေးပွဲကို အဆင်ပြေပြေ ဖြေဆိုနိုင်ခဲ့သည်။ ဒီနေ့က စာမေးပွဲ နောက်ဆုံးနေ့ ဖြေပီးပီမို့ မနက်ဖြန်ကျ ကျောင်းသားအားလုံး အိမ်ပြန်ကြတော့မည်ဖြစ်တာကြောင့် ကျောင်းမှာ နှုတ်ဆက်ပွဲကျင်းပကြသည်။ ဆယ်တန်း ၄ခန်းလုံး ပေါင်းပီး လုပ်တာမို့ ကျောင်းသားတစ်ရာကျော်နှင့် ဂိုက် ၈ယောက်အပြင် ဆရာ ဆရာမတွေနှင့် ပျော်စရာကြီးဖြစ်သည်။ ဆရာ ဆရာမတွေက ကျောင်းသားတွေကို နှုတ်ဆက်စကားနှင့် ဆုတောင်းစကား ပြောပီးချိန်ကျ ဂိုက် ဆရာ၊ ဆရာမတွေပြောကြသည်။