Accident ဖြစ်သည့်နေရာကို သွားနေသည့်တစ်လျှောက်လုံး Jimmy တစ်ယောက် စိတ်တွေ ရောက်ယှက်ခက်နေသည်။ ထိခိုက်မိသည့်လူနာက ကောင်လေးမဖြစ်ပါစေနဲ့လို့လည်း အထပ်ထပ်အခါခါဆုတောင်းနေမိသည်။ သို့သော် သူ့ဆုတောင်း မပြည့်ခဲ့ပါ။ အခင်းဖြစ်တဲ့နေရာကို ရောက်တော့ ထိခိုက်ထားသူဟာ တကယ်ပင် ကောင်လေးဖြစ်နေခဲ့သည်။
လူနာကို ကားပေါ်တင်ပြီးသည်နှင့် တုန်ရီနေတဲ့လက်တွေကို ထိန်းရင်း လက်ရှိအခြေအနေအတွက် လိုအပ်သည့်ကုသမှုတစ်ချို့ကို အလျင်အမြန်လုပ်ရသည်။ တစ်ဖွဲ့လုံး ချွေးပြန်အောင်ကြိုးစားပြီးသည့်နောက်မှာတော့ ကောင်လေးဟာ စိုးရိမ်ရသည့်အခြေအနေမှ လွတ်မြောက်ခဲ့လေပြီ။
Jimmy မှာတော့ တာဝေးအပြေးသမားတစ်ယောက်လို မောဟိုက်နေရသည်။ တော်သေးတာပေါ့။ တကယ်ကို တော်သေးတာပေါ့။ သူသာ အချိန်မှီမကယ်တင်နိုင်ခဲ့ရင် ဒီကောင်လေးကို သူ ထပ်ပြီးမြင်နိုင်တော့မှာမဟုတ်ဘူး။ ဒီကောင်လေးရဲ့အပြုံးတွေကို ထပ်မြင်ခွင့်ရမှာမဟုတ်တော့ဘူး။ တွေးကြည့်ရုံနဲ့တင် ရူးချင်စရာကောင်းသည်။ စိတ်တင်းထားရင်းမှပင် သူ့ပါးပြင်ပေါ်မှာ မျက်ရည်များက နေရာယူလာသည်။
သူ ဒီကောင်လေးကို ဘာလို့များ အော်လိုက်မိရတာလဲ။ မင်းရဲ့အရေးမပါတဲ့ရောဂါတွေအတွက် အချိန်လာမဖြုန်းနဲ့ဟုပင် ပြောခဲ့မိသေးသည်။ Jimmy စိတ်ထဲမှာ ကိုယ့်ကိုယ်ကို တောက်လျှောက် အပြစ်တင်နေမိသည်။
ထိုအချိန်တွင် လှုပ်ရှားလာသည့် ကောင်လေးရဲ့လက်တစ်ဖက်။ ထို့နောက်မှာတော့ ကောင်လေးရဲ့မျက်ဝန်းများ ပွင့်လာတော့သည်။
သူ့ကိုမြင်တော့ ဖျော့တော့နေသည့်မျက်ဝန်းများဖြင့်ပင် ပြုံးပြနေသေးသည်။
" ဒေါက်တာ ...."
အားယူပြီးခေါ်လာသည့်အသံလေးဟာ တိုးဖွလွန်းလှသည်။ ကောင်လေးရဲ့လက်ကို ဆွဲယူလိုက်ကာ သူ့လက်နှစ်ဖက်ဖြင့် အားပေးသလို ထွေးဆုပ်ပေးလိုက်မိသည်။
" အိပ်လိုက်နော် Sea ။
ဘေးမှာ အစ်ကိုရှိနေပေးမယ်။ "Sea က သူပြောတာကို နားလည်သလို မျက်တောင်တစ်ချက်ခတ်ပြကာ မျက်ဝန်းများကို ပြန်မှိတ်သွားသည်။ Sea ပြန်အိပ်ပျော်သွားတာတောင် ကိုင်ထားတဲ့ Sea လက်ကို သူမလွှတ်မိ။ ဒဏ်ရာဒဏ်ချက်တွေနဲ့ Sea ရဲ့မျက်နှာကို ကြည့်နေရင်း နောက်တစ်ကြိမ် မျက်ရည်ဝဲမိပြန်သည်။ ဒီကောင်လေးအပေါ်မှာထားရှိသည့် သူ့ခံစားချက်တွေကို သူနားလည်ခဲ့ပါပြီ။