" Phi Sea တို့ကတော့ အချိန်မှန်ပဲရှင်။ "
" ဒါပေါ့ဗျာ။ ရည်းစားချောချောလေးရထားတော့လည်း သည်းသည်းလှုပ်နေရတာပေါ့။ "
ကောင်တာမှသူနာပြုမလေးက လှမ်းစတော့
Sea ကလည်း ပြုံးကာ ပြန်စနောက်လိုက်သည်။Sea ၏မတော်တဆမှုအပြီးတွင် သူနှင့် Jimmy တို့ တရားဝင်ချစ်သူတွေဖြစ်သွားခဲ့ကြသည်။ အခုဆို သူလည်း Jimmy ရဲ့ဆေးရုံသို့ လူနာယောင်ဆောင်ကာ ဝင်ထွက်စရာမလိုတော့။ ဒေါက်တာရဲ့ချစ်သူအနေနဲ့ နေ့တိုင်းနီးပါး လာတွေ့ခွင့်ရနေပြီဖြစ်သည်။
လက်ထဲမှာ နေ့လည်စာအစားအသောက်ထုပ်တစ်ချို့ကိုကိုင်ရင်း Jimmy ရဲ့နားနေခန်းအတွင်းသို့သာ သွားစောင့်နေလိုက်သည်။ သူအစားအသောက်တွေကို ပြင်ဆင်နေတဲ့အချိန်မှာပဲ Jimmy က နားနေခန်းထဲသို့ရောက်လာသည်။
အလုပ်ဒဏ်ကြောင့် နွမ်းနေသည့်မျက်နှာလေးက Sea ကို မြင်တော့ မျက်လုံးလေးတွေပိတ်သွားသည်အထိ ပြုံးပြလာသည်။ ဒီလိုပါပဲ။ အစ်ကိုက သူကိုယ်တိုင် ပင်ပန်းနေရင်တောင် Sea အတွက်တော့ အိုအေစစ်ကလေးဖြစ်ပေးတတ်သည်။
Sea က ပြင်လက်စနေ့လယ်စာကိုချထားကာ အစ်ကို့ဆီကို လျှောက်သွားလိုက်ရင်း အစ်ကို့ညာဘက်လက်ကို ခိုတွဲလိုက်မိသည်။
" ပင်ပန်းနေပြီလား အစ်ကိုဗျ ! "
Sea က အမူအရာပိုကာ တက်ကြွဟန်ကလေးနှင့် မေးလိုက်တော့မှ အစ်ကိုက ခပ်ဖွဖွရယ်ရင်း ပြန်ဖြေလာသည်။
" Sea ရောက်လာလို့ အားပြန်ပြည့်ပါပြီ။ " တဲ့။
သူ့ဘာသူပြောပြီး ရှက်ကာ မျက်နှာခပ်လွှဲလွှဲလုပ်နေသည့်ဆရာဝန်လူပျိုကြီးက တကယ်ကို ချစ်စရာကောင်းပါသည်။ ချစ်စကားကြိုက်စကားတွေပြောတာရှားလွန်းသည့်အစ်ကို့ပါးစပ်မှ ဒီလောက်ကလေးထုတ်ပြောရုံနဲ့တင် သူက ကျေနပ်နေပါပြီ။
" ကျွန်တော် အစ်ကိုကြိုက်တာလေးတွေ ပြင်လာပေးတယ်။ ထိုင်ပါဦး။ ကျွန်တော်ပြင်နေတာကို လက်စသတ်လိုက်ဦးမယ်။ "
အစ်ကို့ကိုထိုင်ခုံမှာ ထိုင်ခိုင်းပြီးနောက် Sea တစ်ယောက် ထမင်းပွဲကို အမြန်ပြီးအောင်ပြင်လိုက်သည်။ Sea လုပ်နေသည့်တစ်လျှောက်လုံးလည်း အစ်ကိုက Sea လုပ်သမျှကို ခပ်ဖွဖွပြုံးကာ ကြည့်နေသည်။