ညဘက် ကျူရှင်ပြီးတော့ အချိန်ကညရှစ်နာရီ ။ သူငယ်ချင်းတွေကိုနှုတ်ဆက်စကားပြောပြီး ပြန်ဖို့ရန်ထွက်လာတော့ ရင်းနှီးနေတဲ့ ဆိုင်ကယ်နံပါတ်ပြားနဲ့ ရင်းနှီးနေတဲ့ကျောပြင်က အသင့်စောင့်နေသည် ။" လာကြိုတာလား ကြိုလည်းမပြောဘူး "
" လမ်းကြုံလို့ ... ရော့ ။ "
ဆိုင်ကယ်ပေါ်ခွပြီး တက်ကာပြောမိတော့ သူမရှေ့ကလူက ဆိုင်ကယ်ဦးထုပ်တစ်လုံးကိုလှည့်ပြီးပေးလာသည် ။ ' လမ်းကြုံလို့ ' ဆိုတဲ့စကားကို ယုံမိရင်တော့ တစ်လောကလုံး သူမထက် တုံးအတဲ့လူရှိတော့မှာမဟုတ်ဘူး ။ ဒီနေရာက ထိုသူသွားတတ်တဲ့လမ်းတွေထက်မှာရှိမနေပေ ။ တကူးတကလာတယ်ဆိုတာထုတ်မပြောပေမယ့် သူမသိလိုက်ပါ၏။
" နင်ဒီလိုတွေလုပ်နေလို့ အကုန်လုံးက ငါနဲ့နင့်ကိုတွဲနေတယ်ထင်ကြတာ "
အကဲစမ်းသလို ပြောမိတော့ ထိုသူက ဘာမှပြန်မပြောလာဘဲ သူမလက်နှစ်ဖက်ကိုသာဆွဲယူသွားပြီး သူ့ခါးထက်ရစ်ပတ်စေသည် ။
" သေချာကိုင်ထား "
အရှိန်ဘယ်လောက်နဲ့ဆိုင်ကယ်ကိုမောင်းတတ်တဲ့လူလည်းသိနေတော့ သူမလည်း လက်ကိုပြန်လည်ဆွဲယူမနေတော့ဘဲ ထိုလူနေရာချထားသည့်အတိုင်းသာ လက်တွေကို ထိုအတိုင်း ရှိနေစေလိုက်သည် ။
တိုကျိုမြို့ရဲ့ ညဘက်မှ တွေ့မြင်ရတဲ့ မြို့ပြအလှက တကယ့်ကိုရှုမဝပင် ။ အထူးသဖြင့် ဒီလိုအရှိန်ပြင်းပြင်းမောင်းနေတဲ့ ဆိုင်ကယ်ထက်စီးနင်းနေရင်း တဟူးဟူးတိုက်နေတဲ့လေနဲ့အတူ တရိပ်ရိပ်ကျန်ခဲ့တဲ့ ပုံရိပ်တွေကိုလိုက်ကြည့်နေရတဲ့အခိုက်အတန့်မျိုးတွေမှာဖြစ်၏။
ဆိုင်ကယ်မောင်းနေရင်းပဲ သူ့ခါးထက်ဖက်တွယ်ထားတဲ့ သူမလက်တွေကို ထိုသူက သူ့လက်တစ်ဖက်နှင့်လာအုပ်ကိုင်သည် ။
" သေချာမောင်းစမ်းပါ နှစ်ယောက်လုံးသေနေဦးမယ် "
သူမလက်တွေပေါ်က သူ့လက်ကို ခါချရင်း ပြောမိတော့ ထိုသူကရယ်သည် ။ လေသံတွေကြား သူ့ရယ်သံတိုးဖွဖွကို နားထောင်ရတာက ပထမဆုံးမဟုတ်ပေမယ့် ဘယ်တော့မှမရိုးသွားမယ့် အရာတော့ဖြစ်၏။