ချစ်ရသူ၏ ခြံဝင်းတံခါးတွင် သူယူလာသည့် နှင်းဆီပန်းစည်းကို ချိတ်ဆွဲလိုက်သည်။ နှင်းဆီပန်း၏ အရောင်က အဝါရောင် သို့မဟုတ် ချစ်ရသူသဘောကျသည့်အရောင်။ ပန်းကို သူကိုယ်တိုင်ဈေးမှဝယ်ခဲ့သည်။ ချစ်ရသူ၏ လက်ကို စူးမည်စိုး၍ ပန်းရှိဆူးများကို သူကိုယ်တိုင်ခြွေသည်။ မလိုအပ်သော တချို့ အရွက်များကို ဖယ်ရှားပြီး ဖဲကြိုးဝါဝါလေးနှင့် ချည်ထားပြီး 'For Huang Renjun' ဆိုသည့် ကတ်ပြားလေးချိတ်ထားသည့် ပန်းစည်းဝါဝါလေးသည် သူ၏ ကိုယ်တိုင်လုပ်ပန်းစည်းလေးဖြစ်သည်။ သည်ပန်းစည်းလေးက ခြောက်စည်းမြောက်ဖြစ်သည်။ ဒါပေမယ့် ပို့သူက ဘယ်သူဆိုတာ အခုထိ ချစ်ရသူက မသိသေးပေ။
သူ၏ အကြင်နာများကို ကိုယ်စားပြုသော သည်ပန်းစည်းလေးမှတစ်ဆင့် ချစ်ရသူသည် သူ့အချစ်ကိုကြားသိပါစေ။
Renjun တို့ အိမ်မှ ပြန်လာပြီး သူ့အိမ်ကို ရောက်သည်အထိ မိုးသည်ကောင်းစွာမလင်းသေးပေ။ ခဏလောက်ပြန်အိပ်လျှင်ကောင်းမလား စဉ်းစားမိပေမယ့် ပန်းစည်းရလျှင် ဖြစ်နေမည့် ချစ်ရသူ၏ ပုံရိပ်ကို တွေးကြည့်မိရင်း အချိန်ကုန်လိုက်သည်။ အိပ်ရာပေါ်တွင် လှဲချပြီး ရင်ခုန်သံကို ခံစားကြည့်သည်။
မေမေက မနက်စာစားရန်ခေါ်သည့် အချိန်ရောက်မှ ပတ်ဝန်းကျင်ကို သတိထားမိတော့ မိုးနှင်းတို့က သုန်သုန်မောမောကျဆင်းလို့နေသည်။
သူပို့ထားသည့် ပန်းစည်းလေးသည် မိုးနှင်းများကြောင့် လန်းဆန်းနေပေမည်။
*
သူကျောင်းကို ရောက်သည်အထိ မိုးနှင်းများက ကျဆင်းဆဲ။
Renjun က အနွေးထည်ထူထူလေးထဲတွင် နစ်မြုပ်ရင်း ဘေးက သူငယ်ချင်းများနှင့် စကားပြောလို့နေသည်။ အတန်းထဲဝင်လာသည့် သူ့ကို မြင်တော့ ပြုံးပြပြီး နှုတ်ဆက်သည်။ သူကတော့ မလှမ်းမကမ်းက ထိုင်ခုံတွင်ဝင်ထိုင်လိုက်ပြီး ချစ်ရသူကို ခိုးကြည့်နေလိုက်သည်။
ပါးမို့လေးတွေဖြစ်အောင် ပြုံးရယ်ပြီး စကားပြောသည့် ချစ်ရသူသည် သူ့မျက်လုံးထဲတွင် အလှဆုံးဖြစ်သည်။
သူ့အမြင်အာရုံ၏ အလှဆုံးပန်းချီကား။
သူ့ရင်ခုန်သံ၏ အလှဆုံး ကာရန်။