"နောက်တစ်ခါ ပန်းက ဆူးတွေကို မခြွေခဲ့ပါနဲ့။ မင်းရဲ့စေတနာကို သိပေမယ့် သူ့အရှိတိုင်းလှပါစေ။
ပုံ/Huang Renjun "ဒီနေ့ပန်းသွားပေးတော့ ရခဲ့သည့် စာလေးဖြစ်သည်။ ခြံတံခါးမှာ ကပ်ထားသည့် note လေး။
သူ့ရဲ့ Renjunnie က ဘယ်လောက်တောင် ချစ်ဖို့ကောင်းပါလိမ့်။
နောက်တစ်ခါ ပန်းစည်းပေးရင် ဆူးမခြွေဖို့ ဆုံးဖြတ်လိုက်သည်။
*
သူယူလာသည့် ပန်းစည်းကို Renjun တို့အိမ်ရဲ့ တံခါးဘေးရှိ စာတိုက်ပုံးလေးထဲမှာ သေချာထည့်လိုက်သည်။
"ဒီပန်းလေးလို Renjunnie လည်း လန်းဆန်းလှပပါစေ"
ပါးစပ်က အသံထွက်ပြီး ဆုတောင်းစကားဆိုရင်း ပြုံးမိသည်။ ဒီတစ်ခေါက်ကတော့ ချစ်ရသူမှာထားတဲ့အတိုင်း သေချာပေါက် ဆူးမခြွေခဲ့ဘူးပေါ့။
"Je- Jeno လား"
သူ့အနောက်က အသံလေးကြောင့် ရင်ထိတ်သွားသည်။ တစ်နေ့ကျရင် ဖွင့်ပြောမှာဆိုပေမယ့် အခုတော့ မပြောချင်သေး။ တိတိကျကျဆိုရလျှင် ချစ်သည့်အကြောင်းကို ဝန်မခံရဲသေးပါ။
"Renjunnie"
ချစ်တဲ့သူရှိရာဘက်ကို လှည့်ကြည့်လိုက်တော့ မျက်ဝန်းလှလှလေးတွေနဲ့ဆုံသည်။ ခဏလေးဆိုမှ တကယ့်ခဏလေးအတွင်းမှာ ချစ်ရသူက မျက်နှာလေးငုံ့သွားသည်။
စိတ်ပူသွားသည်။ သူ့ကိုမုန်းသွားမှာတော့မဟုတ်ဘူးမလား။"Renjunnie ကိုယ့်ကို စိတ်ဆိုးသွားတာလားဟင်"
ခေါင်းလေးပြန်မော့လာသည်။"မဟုတ်ပါဘူး။ ရှက်လို့"
"ရှက်လို့ဟုတ်လား"
ချစ်ရသူက မျက်နှာရဲရဲလေးနဲ့
"ငါက မင်းကို အကုန်ပြောပြထားတာလေ။ မင်းက အကုန်သိနေတော့ ငါရှက်တာပေါ့"တဲ့။
Renjunnie က ချစ်ဖို့ကောင်းလွန်းလို့ အတင်းဖက်ပစ်ချင်မိသည်။
"ကိုယ့်ကို ဘယ်လိုသဘောရလဲ ပြောပါဦး Renjunnie ရဲ့"
"ဘာကိုလဲ"
နီထွေးထွေးမျက်နှာလေးနဲ့ ပြောသည်။ ချစ်ရသူက မသိချင်ယောင်ဆောင်နေပြန်ပါပြီ။
"ကိုယ် Renjunnie ကို ချစ်တယ်။ သူငယ်ချင်းလိုမဟုတ်ဘူးနော်။ ဒီအတိုင်း မင်းရဲ့ချစ်သူဖြစ်ချင်တယ်"
"........"
"ကိုယ့်ကို စဉ်းစားပေးနော်.. နော်လို့ Renjunnie "
သူက ချွဲသလိုဖြစ်နေမှာသိပေမယ့် ပူဆာသလိုပြောမိတော့"အွန်း"တဲ့။
*
"Renjunnie စကားလေး ဘာလေးပြောပါဦး"
သူ့အရှေ့မှာ အစားကိုသာ ကုန်းစားနေသော ကောင်လေးကို ပြောရသည်။ သူဖွင့်ပြောပြီးကတည်းက Renjun က စကားနည်းလာသည်။ အရင်လို ရင်ဖွင့်စကားတွေပြောဖို့မပြောနဲ့ သူ့ကိုတွေ့တာနဲ့ မျက်နှာလေးရဲပြီး မျက်နှာငုံ့သွားတတ်သည်။ စိမ်းသက်တာမျိုးတော့ မဟုတ်ပေမယ့် မနေတတ်သလိုလေးဖြစ်နေတတ်သည်။ ဒါပေမယ့် သူက စကားလာပြောရင်တော့ အလိုက်အထိုက်ပြန်ပြောပါသည်။
သူ့စကားသံကြားမှာ မျက်နှာလေးမော့လာသည်။
"Renjunnie က စဉ်းစားပေးမယ်ဆိုပြီး အခုကျ အရင်ကထက်ပိုစိမ်းလာသလိုပဲ။ ဖွင့်ပြောလိုက်တာမှားပြီနဲ့တူပါတယ်"
ညည်းသလိုပြောမိသည်။
"အဲ့လိုမဟုတ်ပါဘူး Jeno ကလည်း။ မင်းကိုက အစကတည်းက သံယောဇဉ်က ရှိပြီးသား။ မင်းနဲ့အတူရှိရင် ပျော်တယ် ဒါပေမယ့်"
Renjun က တွေတွေလေးဖြစ်သွားသည်။
"ဒါပေမယ့် ဘာဖြစ်လဲ"
"မင်းကို ချစ်သလားဆိုတာ မသေချာဘူး"
"......"
သူပြန်မပြောနိုင်ဘဲ သက်ပြင်းတစ်ချက်သာ မှုတ်ထုတ်လိုက်သည်။
*
"Jeno"
ချစ်ရသူဆီသွားမယ်အလုပ် သူ့ကို ခေါ်သံကြောင့် ခြေလှမ်းကိုရပ်တန့်လိုက်သည်။
သူတို့အတန်းက ကောင်မလေးဖြစ်သည်။"Renjun နဲ့က တွဲနေကြတာလား"
"သူငယ်ချင်းတွေပါ"
"ဒါဆို ငါ Jeno ကို ကြိုးစားကြည့်လို့ရသေးတာပေါ့။ ငါ Jeno ကို သဘောကျတယ်။ ငါတို့ တွဲကြည့်ရအောင်လေ"
လမ်းရဲ့ အကွယ်နားက ဖြတ်ခနဲ လှုပ်ရှားသွားသည့် ရင်းနှီးသည့် အရိပ်လေး။
"အားနာပေမယ့် ငါသဘောကျနေတဲ့သူက သက်သက်ရှိတာမို့ မင်းကို လက်မခံနိုင်ပါဘူး။ ဟို ဒါဆို"
အရိပ်လေးနောက်ကို သူ အပြေးလိုက်သွားလိုက်သည်။