"တစ်ခါသုံးခွက်ထဲက ကော်ဖီပူလေးရဲ့ ည"

7 0 0
                                    

တစ်ညသားမှာ စိတ်ရဲ့အာသာမပြေမှုမျိုး ရှိလာတာနဲ့ စစ်ကရက်တစ်လိပ်ကို လက်ကြားညှပ်ပြီး ဦးတည်ရာမဲ့ ကိုယ်လမ်းထွက်လျှောက်ခဲ့မိတယ်။ လျှပ်စစ်မီးမလာနေတဲ့အချိန်မို့ ပတ်ဝန်းကျင်ဟာ မှောင်မည်းလို့။ စုန်းစုန်းချုပ်တဲ့ လမ်းပေါ်မှာ တတ်နိုင်တဲ့တစ်အိမ်စ၊ နှစ်အိမ်စကထွန်းထားတဲ့ ပုဂ္ဂလိကမီးတိုင်လေးတစ်တိုင်၊ နှစ်တိုင်ရဲ့ခပ်မှိန်မှိန်အလင်းနဲ့ နေရာကွက်ကြားတော့ မြင်နေရသေးတယ်။

အမှောင်ထုကြီးစိုးနေရင်တောင် ဘယ်နေရာဘာရှိဆိုတာကို အလွတ်ရနေပြီး ကြောက်စရာလည်းမရှိတာမို့ ကိုယ်ဟာခပ်အေးအေးပဲ။ ဂျင်းပန်ထဲ လက်တစ်ဖက်ထည့် တစ်ဖက်က စစ်ကရက်ကိုဖွာရင်း လျှောက်လာလိုက်တာ သိမ်းခါနီးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ရှေ့ရောက်မှ ကိုယ့်ခြေလှမ်းတွေ တုံ့သွားမိတော့တယ်။

တစ်ချိန်က ချစ်ကန်းလေးကိုယ်ဟာ တချို့ညတွေမှာ "ပလိန်းတစ်ခွက်၊ တစ်ခါသုံးခွက်နဲ့ဖျော်ပေးပါ"လို့ ဆိုင်သိမ်းချိန်နီးမှ ဒီဆိုင်ကိုလာပြီး နားပူနားဆာလုပ်ခဲ့ဖူးတယ်လေ။ နောက်ပိုင်းကျ ဆိုင်ရှင်ဦးလေးဟာ ဆိုင်သိမ်းရင်း ကိုယ့်အရိပ်မြင်တာနဲ့ ပလိန်းပဲလားလို့ လှမ်းအော်ပြီး စားပွဲထိုးကောင်လေးတွေကို တန်းဖျော်ခိုင်းတော့တာပဲ။

သူ့ဆိုင်က ကော်ဖီပူခွက်လေးကိုယူပြီးရင် ကိုယ်ဟာလာရာလမ်းအတိုင်းပြန်လျှောက်၊ တစ်ခုသောလမ်းသွယ်လေးရဲ့ထိပ်မှာ အနည်းငယ်အေးတဲ့ ဆောင်းလေကြောင့် ကော်ဖီတွေအေးမသွားအောင် ခွက်ကလေးကို လက်နဲ့အုပ်ကိုင်ပြီး တစ်စုံတစ်ဦးကို ရပ်စောင့်နေခဲ့ဖူးတယ်။ စောင့်ရင်းလည်း အနီးကစက္ကူပန်းရုံကိုငေးပြီး စိတ်ကူးတွေယဉ်နေခဲ့ဖူးတာပေါ့။ မိနစ်အနည်းငယ်ကြာရင် ခပ်လှမ်းလှမ်းကနေ အမျိုးသမီးလေးတစ်ယောက်ရဲ့အရိပ်က အမှောင်ထုထဲကနေ တရွေ့ရွေ့ပေါ်လာတော့မှာ။ သူဟာ ကိုယ်သိပ်ချစ်တဲ့မိန်းကလေးပဲ။

သူယူလာတဲ့ ပန်းသေးသေးလေးတစ်ပွင့်ကို ကိုယ်လက်ခံရမှာ ထုံးစံပေါ့။ စက္ကူပန်းလေးလည်း ဖြစ်ကောင်းရဲ့၊ လေးနာရီပန်းလေးလည်း ဖြစ်ကောင်းရဲ့။ သူ့မေတ္တာပန်းလေးကို ကိုယ့်နားရွက်ကြားမှာ ထိုးပန်ပြီးရင် အေးစက်နေတဲ့ သူ့လက်ဖဝါးလေးထဲ အပူရှိန်ကျန်နေသေးတဲ့ ကော်ဖီခွက်လေးကို ကိုယ်က ထည့်ပေးပြီး နွေးထွေးစေချင်တာ။ ကော်ဖီကို တစ်ငုံသောက်ပြီးတဲ့အခါ ဒီနေ့တော့ကော်ဖီက အတော်ပဲဖြစ်ဖြစ်၊ နည်းနည်းချိုတယ်ဖြစ်ဖြစ် သူကပြောနေမှာ။ အဲ့အချိန်မှာ ကိုယ်ကတော့ သူ့ရဲ့လက်တစ်ဖက်ကို ကိုယ့်ခေါင်းစွပ်အင်္ကျီအိတ်ထဲထည့်ပြီး ဆုပ်ကိုင်ထားရင်းနဲ့ အိမ်ပြန်လမ်းတွေကို အတူလျှောက်ရင်း ကိုယ်တို့ချစ်ခြင်းအတွက် ရင်လေးလေးနဲ့ပဲ ပေါ့ပါးနိုင်သလောက်ဖြတ်သန်းခဲ့ဖူးပါတယ်။

"တစ်ခါသုံးခွက်ထဲက ကော်ဖီပူလေးရဲ့ ည"Opowieści tętniące życiem. Odkryj je teraz