P13

5 1 0
                                    

သို့ပေမဲ့ကြည်သာအနားမှထွက်ခွာမသွားခဲ့ပါ။သူဆေးရုံမှာမျောနေတုန်းကသူ့လက်ကိုဆုပ်ကိုင်ထားပြီးအနားမှမခွာခဲ့သောထိုမိန်းကလေးနားမှသူထွက်မသွားနိုင်။အော်ပရေးရှင်းခန်းထဲဝင်နေတုန်း၊စိတ်များလေးပင်နေပြီးခြေဖျားလက်ဖျားများအေးစက်နေသည်။မငိုမိအောင်တင်းခံထားရသည်။စိတ်ကိုရအောင်စုစည်းပြီးဘုရားတမိသည်။

"ဒီဆေးရုံနံ့ကြီးကိုသဘောမကျဘူး။ကျောချမ်းတယ်၊ကြောက်တယ်၊အိမ်ပြန်ချင်တယ်၊အိမ်ပြန်ရောက်ရင်အရင်ကထက်ကြည်သာ့ကိုပိုဂရုစိုက်မယ်။ခွန်းဆက်ကိုရော၊ခွန်းဆက်အခုဘယ်မှာလဲ"

စိတ်အစဉ်သည်အတားအဆီးမရှိလွင့်မျောနေသည်။မနည်းတည်ငြိမ်အောင်ကြိုးစားနေရသော်လည်းလက်များပင်အေးစက်တုန်ယင်စပြုလာပြီ။ငှားထားသည့်ဆေးရုံခန်းထဲတွင်သူတစ်ယောက်တည်း။မိုးရေစိုနေသည့်အဝတ်အစားများကိုတောင်မလဲနိုင်၊တကိုယ်လုံးကိုက်ခဲနေပြီးမူးနောက်နေသည်။

"ဒီခံစားချက်ကြီးပျောက်သွားပါတော့။ကြည်သာအဆင်ပြေမှာပါ..."

နောက်ဆုံးတော့ငိုချလိုက်မိသည်။ခွဲခန်းထဲမှာကြည်သာ ကြောက်နေမလား၊ခွန်းဆက်ကောမိုးရေထဲမှာလမ်းပျောက်ပြီးတစ်ခုခုဖြစ်သွားရင်။နှလုံးသားကမခံမရပ်နိုင်အောင်ခုန်လာခဲ့ပြီးမျက်ရည်များလည်းအတိုင်းအဆမရှိများလာခဲ့သည်။

အခန်းတံခါးကိုဆွဲဖွင့်သံကြားလိုက်ရပြီးမော့ကြည့်လိုက်ချိန်တွင်ခွန်းဆက်သူ့ကိုကြည့်နေခဲ့သည်။အညိုရောင်ဆံနွယ်များသည်မိုးရေကြောင့်စိုပြီးကပ်နေသည်။ရှပ်အကျီအဖြူမှာလည်းရေများစိုရွှဲနေပြီးတဘက်တထည်ကိုင်ထားသည်။

"ငိုမနေနဲ့လေ ကြည်သာအဆင်ပြေသွားမှာကို။မကြောက်နဲ့ ထ ထအကျီလဲမယ်"

"ခွန်းဆက်..."

ပြေးဖက်ကာအားရပါးရငိုချလိုက်သည်။မိဘနှစ်ပါးဆုံးသွားပြီးနေ့ကတည်းကခမ်းခြောက်သွားသောမျက်ရည်များကအခုတော့လည်းမကုန်နိုင်မခမ်းနိုင်။ခွန်းဆက်ရင်ခွင်သည်နွေး၏။ပြန်လည်သိုင်းဖက်လာသောလက်တစ်စုံသည်လည်းဒီအထီးကျန်လူ၏စိတ်ဒုက္ခကိုသက်သာစေသည်။

အောက်ဆီဂျင်မဲ့လောင်ကျွမ်းခြင်း(Ongoing)Where stories live. Discover now