期待
တိတ်ဆိတ်ခြောက်ကပ်စွာ ဖြတ်သန်းရသော အိမ်အပြန်လမ်းလေးသည် ကျွန်တော်နှင့် အသားတကျ ရှိလှသည်။ ညခင်းလေ တဖြူးဖြူးနှင့် အတွေးပေါင်းစုံခင်းကာ လမ်းလျှောက်နေရသည်ကို သဘောကျသောကြောင့် ညစာ စားနေကျ ဆိုင်တန်း များတွင်ပင် မရပ်မိ။ ခပ်ဖြေးဖြေးတိုက်သည့်လေက သူ့ဆံပင်များကို ပွယောင်းသွားစေသည်။ အနည်းငယ်ရှည်နေပြီဖြစ်သည့် ဆံပင်တို့ကို လက်နဲ့ သပ်တင်ရင်း ခပ်ပွပွ ဆံပင်ကောက်ကောက်နဲ့ ကောင်လေးဆီ အတွေးရောက်သွားသည်။
မနက်စောစော မိတ်ဆက်ရန် အတင်းလိုက်လာပြီးသည့်နောက် ထိုကောင်လေး သူ့အိမ်မှာရှိနေတာ တစ်လပင် ပြည့်တော့မည်။ မဲမှောင်တိတ်ဆိတ်စွာ ဆီးကြိုတတ်သော သူ့အိမ်လေးက မီးရောင်လင်းလင်းဖြင့် သူ့ကို ကြိုဆိုလို့နေသည်။ ထို့အပြင် သူအိမ်ထဲဝင်လိုက်တိုင်း ထမင်းချက်နေရင်းဖြစ်စေ၊ စာလုပ်နေရင်းဖြစ်စေ * ပြန်လာပြီလား * ဟု မေးတတ်သည့် လူသားတစ်ဦးလည်း ရှိလို့နေသည်။
ထိုအတွေးက သူ့အိမ်အပြန်လမ်းကို ခြေလှမ်းသွက်စေပြီး လအတန်ကြာ ပျောက်ကွယ်နေခဲ့သော အပြုံးတို့ ဖြစ်တည်စေသည်။ လူဆိုတာ မလိုအပ်ပါဘူးလို့ ငြင်းနေရင်းနဲ့တောင် နွေးထွေးရာကို ရှာဖွေနေတတ်တဲ့ သတ္တဝါမျိုးပဲ။
"ခင်ဗျား ပြန်လာပြီလား"
သူအိမ်ထဲ လှမ်းဝင်လိုက်တာနဲ့ ထိုကောင်လေး...ပတ်ချန်းယောလ်ရဲ့ အသံက ကြိုဆိုလို့နေသည်။ မီးဖိုခန်းမှာ အလုပ်များနေသည့် ကောင်လေးက သူ့ကိုလှမ်းနှုတ်ဆက်ပြီး ပြုံးပြသည်။
"ညစာစားခဲ့ပြီလား"
သူမေးလိုက်မှ ဟာနေသည့် ဝမ်းဗိုက်ကို သတိပြုမိပြီး ခေါင်းကို ခပ်လေးလေး ခါပြမိသည်။
"ထင်တော့ထင်သား ပြန်လာတာစောနေလို့လေ...ညစာ အတူတူစားမလား"
မေးခွန်းမေးနေတုန်းမှာပဲ အငွေ့တထောင်းထောင်း ထ နေသည့် ခေါက်ဆွဲပန်းကန်တွေက ထမင်းစား စားပွဲပေါ်နေရာယူလို့နေပြီ။
အိမ်အောက်ထပ်ရဲ့ အနေအထားက ဧည့်ခန်းပြီးတာနဲ့ မီးဖိုခန်း၊ ထို့နောက်မှ အိပ်ခန်း ဖွဲ့စည်းထားသောကြောင့် အဝင်ဝကနေရင်းကို မီးဖိုထဲအထိ မြင်နေရသည်။ ညစာအတူစားမလားဟု မေးခဲ့သော်လည်း သူပြန်မဖြေခင်မှာပင် သူ့အတွက် ခေါက်ဆွဲတစ်ပန်းကန်က အဆင်သင့်ဖြစ်နေခဲ့ပြီ။