39 2 0
                                    

သစ်လုံးအိမ်လေးရှိရာ သစ်ပင်ခြေရင်းရဲ့အောက်မှာ ကောင်လေးတစ်ယောက်ထဲ ခူးလာပုံရတဲ့သစ်သီးတွေစားနေတာကို ညီညီသတိထားပြီးကြည့်နေမိ၏။ သူ့လိုပင် ကောင်လေးကို မလှမ်းမကမ်းကနေအကဲခတ်နေသူတွေလဲရှိကြပေမယ့် ကောင်လေးက သတိပြုမိပုံမပေါ်ဘဲ အသီးလေးတွေထဲကတစ်လုံးကို အကျီစနဲ့ပွတ်ပြီးကိုက်စားနေပြန်ပါသည်။

ပုန်းကွယ်နေတဲ့လူတွေထဲကနှစ်ဦးကကောင်လေးအနားတိုးကပ်သွားသည်။ ဒီနှစ်ဦးက ကောင်လေးအယုံဆုံးလို့တစ်ရွာလုံးက သတ်မှတ်ထားတဲ့လူနှစ်ဦး။ ကောင်လေးရဲ့အိမ်လေးကိုဦးဆောင်ဆောက်ပေးခဲ့ကြတဲ့မုဆိုးလင်မယားနှစ်ဦး။

"သားလေး.."

"ဟင်... အရီးတို့"

ကောင်လေးမျက်နှာလေးမစိုစလောက်ရွင်ပြသွားတာကို သူအတိုင်းသာမြင်နေရသည်။

"သားလေးကို ပြောစရာရှိလို့... သားလေးကိုလေ မွေးစားချင်တဲ့လူရှိလို့ သိလား"

မိန်းမကပြောရင်းက ကောင်လေးမျက်နှာကို အကဲခတ်ကြည့်ကာ အနားတိုးကပ်ထိုင်သည်။ ကောင်လေးကတော့ အသီးကိုကိုက်စားရင်းနဲ့ ငြိမ်သက်နေဆဲ။

"သူကလေ အရမ်းချမ်းသာတယ်။ သူ့နောက်လိုက်သွားရင် သားလေး ဘေးကင်းလုံခြုံမယ် ပြီးတော့ စားစရာတွေလဲ အများကြီးစားရမှာ။ သား မလိုက်သွားချင်ဘူးလား... တကယ်တော့ ဒီမှာနေရတာ မလုံခြုံဖူးလေ တောကောင်တွေရော၊ အကောင်ရှည်တွေရောလေ ကြောက်ဖို့ကောင်းတယ်မလား"

"အင်း ကြောက်ဖို့ကောင်းတယ်"

ခေါင်းလေးငြိမ့်ပြီးပြောလိုက်တဲ့ကောင်လေးစကားကြောင့် ညီညီလဲပြုံးမိသွားရသလို မုဆိုးကလဲ ၀မ်းသာအားရဖြစ်သွားပြီး သူ့မိန်းမနဲ့ကောင်လေးနားတိုးကပ်သွား၏။

"ဒါဆို လိုက်သွားမလား ဟေ့ကောင်လေး"

"မလိုက်သွားဘူး...ကြောက်ဖို့ကောင်းပေမယ့် ကျူပ်ဒီမှာနေရတာစိတ်ချတယ်။ အနည်းဆုံးတော့ ဒီမှာကျွန်တော် အရီးတို့နှစ်ယောက်ကို ယုံရတယ်လေ"

"အဲ့တာဆို မင်းကမလိုက်သွားဘူးပေါ့"

မုဆိုးရဲ့အသံက မာလာတာမို့ မိန်းမဖြစ်သူက ကောင်လေးကို ပိုချော့ဖို့ကြိုးစားရသည်။

ချစ်ခြင်းတည်စေWhere stories live. Discover now